ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားအကျဉ်းထောင်အတွင်း အကျဉ်းသူ/သားများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးနေမှုကို ကြည့်ရှုအားပေးပြီး ၂၀၂၂ ခုနှစ် မဟာသင်္ကြန်ပွဲတော် ကျင်းပပြုလုပ်နိုင်ရေး ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်

မြစ်ကြီးနား မတ် ၂၂

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများနှင့် အတူ အကျဉ်းဦးစီး ဌာနပိုင် မြစ်ကြီးနား အကျဉ်းထောင်အတွင်း အကျဉ်းသား/အကျဉ်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးနေမှုကို ယမန်နေ့ နံနက် ၉ နာရီတွင် သွားရောက်ကြည့်ရှုအားပေးခဲ့ကြ သည်။

ကိုဗစ်ကာကွယ်ဆေး ထိုးနှံမှုလုပ်ငန်းကို ပြည်နယ်အကျဉ်းဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးလင်းဗိုလ်နောင်နှင့် တာဝန်ရှိသူများ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက အကျဉ်း ထောင်အတွင်းရှိ အကျဉ်းသားကျား ၁၈၈ ဦး၊ အကျဉ်းသူ ၃၁ ဦး စုစုပေါင်း ၂၁၉ ဦးတို့အား ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး စည်းကမ်းချက်များနှင့် အညီ ကာကွယ်ဆေး ထိုးနှံပေးနေမှုကို ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက လှည့်လည်ကြည့်ရှုအားပေးခဲ့ကြပြီး ပြည်နယ် ဝန်ကြီးချုပ်က အကျဉ်းဦးစီးဌာန ဝန်ထမ်းများအတွက် ထောက်ပံ့ငွေကျပ် ၁၀ သိန်း၊ အကျဉ်းသား/ အကျဉ်းသူများအတွက် နေ့လယ်တစ်နှပ်စာကုန်ကျစရိတ် ငွေကျပ်သိန်း ၂၀ နှင့် ကျန်းမာရေးဝန်ထမ်းများအတွက် ထောက်ပံ့ငွေကျပ်  ၃ သိန်းကို ထောက်ပံ့ပေးအပ်ခဲ့ကာ အကျဉ်းသား/ အကျဉ်းသူများအတွက် နေ့လယ်စာကျွေးမွေးနိုင်ရေး ချက်ပြုတ်နေမှုကို ကြည့်ရှု စစ်ဆေးခဲ့ကြသည်။

ထိုမှတစ်ဆင့် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ကချင်ပြည်နယ်အတွင်း ၂၀၂၂ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာ သင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်ပြီး ပြည်နယ်ဝန်ကြီးချုပ်က မြန်မာ့ရိုးရာ နှစ်သစ်ကူးပွဲတော်ဖြစ်သည့် မဟာ သင်္ကြန်ပွဲတော်သည် တစ်မျိုးသားလုံး ပါဝင်ဆင်နွှဲနိုင်သည့် ဆယ့်နှစ်လရာသီတွင် ထူးခြားပြီး အနှစ်သာရ ပြည့်ဝသည့် ပွဲတော်တစ်ခုဖြစ်ပါကြောင်းနှင့် သင်္ကြန်ပွဲတော်ကို မြန်မာ့ယဉ်ကျေးမှု ဓလေ့ထုံးစံနှင့် အညီ ပြည်နယ်အတွင်း စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်နိုင်ရေး ဝိုင်းဝန်း ဆွေးနွေးကြစေလိုကြောင်း တိုက်တွန်းမှာကြားသည်။

ထို့နောက် တက်ရောက်လာကြသည့် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ၂၀၂၂ ခုနှစ် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်ကို ခရိုင်မြို့ကြီးများနှင့် မြို့နယ်မြို့များတွင် ကျင်းပ ပြုလုပ်နိုင်ရေး၊ အများပြည်သူအေးချမ်းပျော်ရွှင်စွာ ပါဝင်ဆင်နွှဲနိုင်ရေး၊ လုံခြုံရေးဆောင်ရွက်မည့် အစီစဉ်များ၊ မြစ်ကြီးနားမြို့တွင် ဗဟိုမဏ္ဍပ် တည်ဆောက်သွားမည့် အစီအစဉ်များ၊ မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်ကျင်းပရေး ဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီများ ဖွဲ့စည်းထားရှိမှုနှင့် လုပ်ငန်းတာဝန်များကို ဖြည့်စွက်‌ဆောင်ရွက်ပေးရမည့် ကိစ္စရပ်များအပေါ် ညှိနှိုင်းဆွေးနွေးခဲ့ ကြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

ပြည်နယ် ပြန်/ဆက်