ဘုတ်ပြင်း မတ် ၂၂
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်တွင် မုန်တိုင်းအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ခြင်းများနှင့် မုန်တိုင်းဝင်ရာက်လာပါက ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရန် မြဘုတ်ပြင်းမြို့နယ် မီးသတ်ဦးစီးဌာနက မတ် ၁၉ ရက်ကစ၍ အသင့်စုဖွဲ့ပြင်ဆင် ထားရှိကြောင်း သိရှိရသည်။
ဘုတ်ပြင်းမြို့နယ် ရပ်ကွက်/ကျေးရွာ အုပ်စုများအတွင်း နေထိုင်သောပြည်သူများ သက်ကြီးရွယ်အို များ၊ ကလေးငယ်များ၊ ကိုယ်ဝန်ဆောင်မိခင်များမြစ်ကမ်းအနီး နေထိုင်သူများ၊ ရေလုပ်သားများ၊ သစ်ပင်ကြီးများအနီးတွင် နေထိုင်သူများအနေဖြင့် မုန်တိုင်းကျရောက်ချိန် အန္တရာယ်ကင်းရှင်းစေရန် သတိပြုနေထိုင်ကြရန်နှင့်ရုံးဌာန အဆောက်အဦများတွင် အရေးကြီးစာရွက်စာတမ်းများ ပျက်စီး ဆုံးရှုံးမှု မရှိစေရန်အတွက် ကြိုတင်သိမ်းဆည်းထားကြရန်၊ တောင်ကျ ချောင်းဘေး နေထိုင်သူများ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နိုင်သဖြင့် အန္တရာယ်ကင်းရာတွင် နေထိုင်ကြရန်၊ ကျွဲ၊ နွားတိရစ္ဆာန်များ လေမိုးလွတ်ရာနေရာတွင် ပြောင်းရွေ့ထားရှိကြရန်နှင့် ကောက်ပဲသီးနှံများ ပျက်စီးဆုံးရှုံးမှု မဖြစ်စေရန် အမိုးအကာအောက်သို့ ကြိုတင်ပြောင်းရွေ့ထားကြရန် မီးသတ်ယာဉ်ဖြင့် အသိပေး နှိုးဆော်လျက်ရှိသည်။
ဘုတ်ပြင်းမြို့နယ်အတွင်း မြို့နယ်မီးသတ်စခန်း၊ ပြည်ကြီးမဏ္ဍိုင်မီးသတ်စခန်း၊ ကရသူရိမီးသတ် စခန်းတို့တွင် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် အသင့်စုဖွဲ့ထားရှိပြီး ရပ်ကွက်/ ကျေးရွာ အုပ်စုများအတွင်းရှိ အုပ်ချုပ်ရေးမှူးများ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်း အဖွဲ့များနှင့် ပူးပေါင်း ၍ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် စီစဉ်ထားရှိကြောင်း မြို့နယ် မီးသတ်ဦးစီးမှူးထံမှ သိရှိရသည်။
ဖြူဖြူသိန်း