ကွန်ဟိန်း မတ် ၂၂
ရှမ်းပြည်နယ်(တောင်ပိုင်း)ကွန်ဟိန်းမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲအား ယမန်နေ့၊ မွန်းလွှဲ(၃:၀၀)နာရီ အချိန်ခန့်က ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်နန်းပြည့်စန္ဒီမြင့်က လူငယ်နှင့် ရည်မှန်းချက်၊ လူငယ်နှင့်စာရိတ္တ၊ စာတတ်ဖို့သာမက ပညာတတ်ဖို့ပါ ကြိုးစားကြ၊ မျိုးဆက်သစ်လူငယ်များ မျိုးချစ်စိတ်ဓါတ် ရှင်သန်ထက်မြက်ရေး ခေါင်းစဉ်များ၊ ဒုတိယဦးစီးမှူး ဒေါ်အိမြတ်နိုးသူက လူငယ်နဲ့ပေါင်းသင်း ဆက်ဆံရေး၊ လူငယ်နဲ့ကျန်းမာရေး၊ လူငယ်နဲ့ ကြီးပွါးရေး ခေါင်းစဉ်များဖြင့် ဟောပြောခဲ့ကြသည်။ယင်းနောက် မြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာန၊ နည်းစနစ်မှူး ဦးစိုးနိုင်ဝင်းက ကိုယ်လက်လှုပ်ရှားအားကစားများ ဆောင်ရွက်ခြင်းဖြင့် ရရှိလာနိုင်မည့် အကျိုးကျေးဇူးများ၊ နွေရာသီတွင် ဖွင့်လှစ်သင်ကြားပေးမည့် အားကစား သင်တန်းများအား ရှင်းလင်းပြောကြားခဲ့ပါသည်။ထို့နောက် မြန်မာ့သိုင်းသရုပ်ပြခြင်း၊ Fitness Dance အကဖြင့် ဖျော်ဖြေခြင်းများ ဆက်လက်ဆောင်ရွက်ခဲ့ကြပါသည်။
အဆိုပါ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ဆောင်ရွက်ရခြင်းမှာ လူငယ်များဘက်စုံ ဖွံ့ဖြိုး တိုးတက်စေရန်၊ လူငယ်များ မျိုးချစ်စိတ်ဓာတ်ရှင်သန် ထက်မြက်စေရန်၊ အချိန်ကိုအကျိုးရှိစွာ အသုံးချ တတ်စေရန်၊ ဗဟုသုတများတိုးပွါးလာစေရန် ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ပြီး ပညာရေးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက် ခဲ့ကြောင်း သိရသည်။
ပြည့်(ကွန်ဟိန်း)