ကော့ကရိတ် မတ် ၂၂
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်မီးသတ်ဦးစီးဌာနနှင့် ရွှေတောင်ကုမ္ပဏီမှ တာဝန်ရှိသူတို့ ပူးပေါင်း ၍ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် လက်တွေ့သရုပ်ပြ ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယနေ့နံနက် ၈နာရီအချိန်က ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့ ဂျိုင်းတံတားတည်ဆောက်ရေး စီမံကိန်းဝင်းအတွင်း၌ ပြုလုပ်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ရှေးဦးစွာ ခရိုင်မီးသတ်ဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးအောင်ရဲမင်းက အရေးပေါ်မီးလောင်ကျွမ်းမှု ဖြစ်ပေါ်သည့်အခါ စနစ်တကျ မီးငြှိမ်းသတ်နည်းစနစ်များ၊ မီးသတ်ဆေးဘူး အသုံးပြုနည်းများ၊ မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းစဉ်များနှင့် ဇာတ်တိုက်လေ့ကျင့်ရမည့် လုပ်ငန်းစဥ်များကို ရှင်းလင်းပြောကြားသည်။ ထို့နောက်ခရိုင်မီးသတ်ဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဆောင်သော မီးသတ်တပ်ဖွဲ့များနှင့်အတူ ရွှေတောင်ကုမ္ပဏီမှ စီမံကိန်းတာဝန်ခံ ဦးမင်းဟိန်း ဦးဆောင်သော ဝန်ထမ်းများမှ ရိုးရိုးမီး၊ ဆီမီး၊ Gas မီးလောင်မှုများကို လက်တွေ့ငြှိမ်းသတ်နည်း၊ ဒဏ်ရာရသော လူနာများကို ထမ်းစင်ဖြင့် ကယ်ထုတ်နည်းနှင့် ရှေးဦးသူနာပြုစုနည်းများကို လက်တွေ့ပြုလုပ် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
စောအောင်မျိုးလွင်(ပြန် / ဆက်)