သီပေါမြို့နယ်တွင် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ ပြုလုပ်ဆောင်ရွက်

သီပေါ မတ် ၂၂

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် အခြေခံပညာဦးစီးဌာန၊ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း ပိတောက်ဆောင်ခန်းမမှာ ယမန်နေ့ နံနက်(၁၁)နာရီက “လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ” ပြုလုပ်ဆောင်ရွက် ခဲ့ကြောင်း သိရသည်။

 ဟောပြောပွဲ၌ မြို့နယ်ပညာရေးမှူး ဦးထိန်လင်းက နွေရာသီကျောင်းပိတ်ရက်ရှည်ကာလတွင် ကျောင်းသား၊ကျောင်းသူ လူငယ်များအနေဖြင့် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ အမှားအမှန် ဝေဖန်ပိုင်းခြားတတ်စေရန်၊ အကျင့်စာရိတ္တ ကောင်းမွန်စေရန်၊ ရည်မှန်းချက်များ ထားရှိတတ်ကြစေရန်၊ ကျန်းမာရေးအတွက် ကိုယ်လက်လှုပ်ရှား အားကစားများ ပြုလုပ် ဆောင်ရွက်နိုင်စေရန်၊ မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်စေရန်စသည့်ရည်ရွယ်ချက်များဖြင့် ဟောပြောပွဲ ပြုလုပ်ဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်းစသည်ဖြင့် အမှာစကားပြောကြားခဲ့ပြီးနောက် “အကျင့်စာရိတ္တ ကောင်းမွန်ရေး နှင့် မျိုးချစ်စိတ်ဓာတ် ရှင်သန်ရေး” ခေါင်းစဉ်ဖြင့် ဟောပြောခဲ့ကြောင်း သိရသည်။

ဆက်လက်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူးဒေါ်ခင်နီလာစိုးက “လူငယ်နှင့်ရည်မှန်းချက်” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန မြို့နယ်အားကစားမှူး ဒေါ်သန်းရွှေမာက “လူငယ်နှင့်အားကစား” ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဟောပြောခဲ့ပြီးနောက် အမှတ်(၂) အခြေခံပညာ ကျောင်းအုပ်ဆရာမကြီးက ကျေးဇူးတင် စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

 ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ၂၀၂၂ခုနှစ်၊ မတ်လ ၂၇ ရက်နေ့တွင် ကျရောက်မည့် (၇၇)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ဆရာ၊ဆရာမများနှင့် ကျောင်းသား၊ ကျောင်သူများအား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ခင်လေး