ကျောက်ဆည် မတ် ၂၂
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဒေသဖွံ့ဖြိုးရေးအတွက် မြို့တွင်းလမ်းများအား ကတ္တာထပ်ပိုးလွှာခင်းပေးခြင်း၊ သောက်သုံးရေများဖြန့်ဝေခြင်း၊ ရေနှုတ်မြောင်းများ ရေစီးရေလာကောင်းမွန်ရေးလုပ်ငန်းများကို ဘဏ္ဍာနှစ်အလိုက် ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင် ဆင်(၂)ကောင်ရပ်ကွက်၊ နယ်မြေ(၃)လမ်းအား ကတ္တရာထပ်ပိုးလွှာခင်းပေးခြင်းများ ဆောင်ရွက်လျက်ရှိရာ လုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီပြီဖြစ်ကြောင်း သိရှိရသည်။
ကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်းများကို မန္တလေးတိုင်းဒေသကြီးခွင့်ပြုရန်ပုံငွေကျပ် (၂.၄၀၃) သန်း အကုန်အကျခံကာ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ သတ်မှတ်အရည်အသွေးနှင့် သတ်မှတ်ကာလ အတွင်းပြီးစီးရေး အရှည်(၂၄၈)ပေ၊ အကျယ်(၁၀)ပေ၊ ထု(၉)လက်မ ဆောင်ရွက်ပေးခဲ့မှုကြောင့် ဆင်(၂) ကောင် ရပ်ကွက်အတွင်းမှ အိမ်ထောင်စု(၁၀၈၅)စု၊ လူဦးရေ(၅၄၅၀)ဦး အပြင် အဆိုပါလမ်းအား အသုံးပြုနေသည့် ပြည်သူများ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး ကဏ္ဍစုံ ပိုမိုဖွံ့ဖြိုးတိုးတက် လာမည်ဖြစ်ကြောင်း သိရှိရသည်။
ကတ္တရာထပ်ပိုးလွှာခင်းပေးခြင်းများနှင့်ပတ်သတ်၍ မြို့နယ်စည်ပင်သာယာရေးအဖွဲ့က ရပ်ကွက်မှာ လိုအပ်နေတဲ့ နယ်မြေ(၃)လမ်းအား ကတ္တရာထပ်ပိုးလွှာခင်းပေးတာကြောင့် ပြည်သူများအချိန်မရွေး အန္တရာယ် ကင်းစွာသွားလာနိုင်ပြီး ကလေးငယ်များနဲ့ ရဟန်းသံဃာများ ဆွမ်းခံကြွတဲ့အခါများစွာ အဆင်ပြေသွားပြီး ဖြစ်ကြောင်း ရပ်မိ၊ရပ်ဖ ဦးကျော်ထင်အောင်က ပြောပြသည်။
သက်မောင်