ကော့သောင်းမြို့၌ ကျောင်းသား၊ ကျောင်းသူများအား လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

ကော့သောင်း မတ် ၂၂

ကျောင်းသား၊ ကျောင်းသူများအား လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌနနှင့် အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်းကာ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲတစ်ရပ်ကို မတ်လ ၂၁ ရက်နေ့ မွန်းလွဲပိုင်းက ကော့သောင်းမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းနှင့် အလက(၂) ရွှေမင်းဝံကျောင်းတို့၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အသိပညာပေးဟောပြောပွဲတွင် မြို့နယ်ပညာရေးမှူး ဒေါ်သန်းစိုးက အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးအေးသိမ့်က ကျောင်းသား၊ ကျောင်းသူများအား ဟောပြောပွဲပြုလုပ်ရခြင်း ရည်ရွယ်ချက်နှင့် လူငယ်များအနေဖြင့် အသိပညာ၊ အတတ်ပညာရပ်အမျိုးမျိုးကို လူငယ်ဘဝ ပညာသင်အရွယ်မှစ၍ ရည်မှန်းချက်ထားရှိပြီး ကြိုးစားသင့်ပုံ၊ စာတတ်ဖို့သာမက မိမိတို့ဘဝတစ်လျှောက် လူမှုကျင့်ဝတ်များနှင့်အညီ နေထိုင်ကာ အကျင့်စာရိတ္တကောင်းမွန် သော လူငယ်များဖြစ်အောင် ပေါင်းသင်းဆက်ဆံသင့်ပုံ များအားလည်းကောင်း ဦးစီးအရာရှိ ဦးကျော်သက်ဦးက  လူငယ်များအသိပညာ ဗဟုသုတနှင့် ပြည့်စုံအောင် စာအုပ်စာပေများ ရှာဖွေဖတ်ရှုသင့်ပုံများနှင့် မျိုးဆက်သစ်လူများ မျိုးချစ် စိတ်ဓာတ် ရှင်သန်ထက်မြက်ရေး ဆိုင်ရာအကြောင်းအရာများအား အကျယ်တဝင့် အသီးသီး အသိပညာပေး ရှင်းလင်းဟောပြောသည်။

ဆက်လက်၍ ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာန၊ခရိုင်ဦးစီးမှူး ဦးခင်မောင်ဦးက လူငယ်နှင့် ကိုယ်လက်ကျန်းမာကြံ့ခိုင်ရေးဆိုင်ရာ သိကောင်းစရာများ၊ နွေရာသီကျောင်းပိတ်ရက်ရှည်အတွင်း ဖွင့်လှစ်မည့်အားကစားသင်တန်းများနှင့် လူငယ်များအနေ ဖြင့် အားကစားထူးချွန်မှုဖြင့် နိုင်ငံ့ဂုဏ်ဆောင်နိုင်ရေး၊ ထူးချွန်အားကစားသမားကောင်းများပေါ်ထွက်လာရန် လူငယ်များပြုမှုလေ့ကျင့်ရမည့် နည်းစနစ်ဆိုင်ရာများကို အသိပညာပေးခဲ့ကြကြောင်း သိရသည်။ 

ကျော်စိုး (ကော့သောင်း)