မိတ္ထီလာ မတ်လ ၂၂
မိတ္ထီလာမြို့နယ် ဂွေ့အိုင်ကျေးရွာတွင် ၂၀၂၁-၂၀၂၂ခု ခြောက်လဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီး ဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် မြေသားရေကန်တူးဖော်ခြင်းလုပ်ငန်း ရာနှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၁-၂၀၂၂ ခု ခြောက်လဘဏ္ဍာရေးနှစ် တွင် တိုင်းဒေသကြီးဖွံ့ဖြိုးရေးရန်ပုံငွေ ကျပ် ၆.၁၄၃၇၅ သန်းဖြင့် အိမ်ခြေ ၁၇၇ ၊ လူဦးရေ ၁၀၃၀ ဦး ရှိသည့် ဂွေ့အိုင်ကျေးရွာတွင် အလျားပေ ၂၅၀ ၊ အနံ ၅၅ ပေ ၊ အနက် ၅ ပေရှိ မြေသားရေကန် တူးဖော်ခြင်းလုပ်ငန်းနှင့် လက်နှိပ်တုံကင် နှစ်စုံတပ်ဆင်ခြင်းလုပ်ငန်းများကို ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ဖေဖော်ဝါရီလ ၁၇ ရက်နေ့မှ စတင်၍ ဆောင်ရွက်လျက်ရှိသည်။ ၎င်းအပြင် တိုင်းဒေသကြီးဖွံ့ဖြိုးရေးရန်ပုံငွေ ကျပ်သုံးသန်းဖြင့် အိမ်ခြေ ၇၁ အိမ် လူဦးရေ ၃၅၇ ဦးရှိသည့် သီးပင်ကုန်းကျေးရွာအုပ်စု ပန်းဒွေးကျေးရွာတွင် အလျား ၅ ပေ ၊ အနံ ၅ ပေ ၊ အမြင့် ၇ ပေရှိ ရေစက်ရုံတည်ဆောက်ခြင်းလုပ်ငန်း၊ အိမ်သုံးမီတာမီးလိုင်းသွယ်တန်းခြင်း၊ တွင်းဆေးတွင်းမှုတ်ခြင်း နှင့် မော်တာ၊ ကွန်ပရက်ဆာတပ်ဆင်ခြင်း(2HP) လုပ်ငန်းများဆောင်ရွက်လျက်ရှိရာ ၎င်းလုပ်ငန်း များမှာ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
၎င်းကျေးလက်ရေ ရရှိရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီး၍ ဂွေ့အိုင်ကျေးရွာနှင့် ပန်းဒွေးကျေးရွာတို့မှ ဒေသခံပြည်သူများ သောက်သုံးရေအတွက် ရာသီမရွေး အသုံးပြုနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)