မိုင်းနောင် မတ် ၂၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းနောင်မြို့ အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ လူငယ်များဗလငါးတန် ဖွံဖြိုးတိုးတက်ရေးအတွက် အကျင့်စာရိတ္တကောင်းမွန်ရေး၊ လူငယ်နှင့် ပညာရေး ခေါင်းစဉ်တို့ဖြင့် ဟောပြောပွဲကို ယမန်နေ့ နံနက်(၁၁)နာရီအချိန်က ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့ဦးစီးမှူး ဒေါ်နန်းမီးက လူငယ်များအားလုံးသည် နောင် အနာဂတ် တွင် ခေါင်းဆောင်များဖြစ်သဖြင့် ယခုအချိန်မှစ၍ ပညာရေးကို စိတ်ဝင်တစား ကြိုးကြိုးစားစားသင်ယူရန်၊ ပညာသင်ယူရာ၌ စာပေပညာသာမက အသက်မွေးဝမ်းကျောင်း ပညာများကိုပါ လေ့လာသင်ယူကြရန်၊ လူငယ်အချင်းချင်း ကိုယ်ချင်းစာတရား လက်ကိုင်ထား၍ ချစ်ချစ်ခင်ခင်နေထိုင်ကြရန်၊ စာပေဖတ်ရှု၍ ကိုယ်တိုင် လေ့လာဆန်းစစ်တတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်နှင့် အမှားနှင့်အမှန်ကို ဝေဖန်ပိုင်းခြားတတ်ကြစေရန်ဆွေးနွေးဟောပြောကာ ကျောင်းသား ကျောင်းသူများ သိရှိလိုသည်များကို ပြန်လည်ဖြေကြားပေးခဲ့ပါသည်။
ဆက်လက်၍ ကျောင်းအုပ်ဆရာကြီး ဦးဇော်မြင့်သိန်းက အကျင့်စာရိတ္တကောင်းမွန်ရေး ခေါင်းစဉ်ဖြင့် လူငယ်များအား လူတစ်ယောက်၏တန်ဖိုးသည် အကျင့်စာရိတ္တနှင့် သက်ဆိုင်၍ ရိုးသားစွာကြိုးစားစေလိုကြောင်း၊ မိဘဆရာသမားနှင့် မိတ်ဆွေသူငယ်ချင်းများ အပေါ်တွင် လည်း ရိုသေလေးစားတတ်ဖို့လိုကြောင်း ရှင်းလင်းဟောပြောခဲ့သည်။
အဆိုပါ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲသို့ ကျောင်းသား/သူများ၊ ဆရာ/ဆရာမများ အင်အား(၁၅၀) ဦးခန့် တက်ရောက်ကြကြောင်းသိရသည်။
မနန်း(မိုင်းနောင်)