ဝမ်းတွင်း မတ် ၂၂
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့တွင်လူငယ်ရေးရာအသိပညာရေးဟော ပြောပွဲကိုပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနှင့် အခြေခံပညာဦးစီးဌာန၊ အထက်တန်းကျောင်း(ဝမ်းတွင်း)၊ အားကာစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်းပြီး ယမန်နေ့က အထက်တန်းကျောင်း (ဝမ်းတွင်း)ခန်းမဆောင်တွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေမှူးဦးကျော်မိုးဦးမှ လူငယ်မောင်မယ်များတို့သည် နိုင်ငံ၏ အနာဂတ်များဖြစ်ကြောင်း၊ ယနေ့လူငယ်နောင်ဝယ်လူကြီးဆိုသည့် အတိုင်းခေါင်းဆောင်ကောင်းများ ဖြစ်ထွန်းလာစေရေးအတွက် လူငယ်များကို ငယ်စဉ်ကပင် ပြုစုပျိုးထောင်ပေးကြရန် တိုက်တွန်းပြောကြားကာ လူငယ်မောင်မယ်များ အတွက် ကျောင်းပိတ်ရက်များတွင် အကျိုးရှိစေသော သင်တန်းများဖွင့်လှစ်၍ အသိပညာ ဗဟုသုတများတိုးပွားစေရန် ဆောင်ရွက်စေလိုကြောင်း ပြောကြားခဲသည်။ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ (တာဝန်ပေး)ဒေါ်မူမြစောက လူငယ်များသည်အနာဂတ်ခေါင်းဆောင်များဖြစ်သည်နှင့်အညီ ငယ်စဉ်ကပင် စနစ်တကျ လေ့ကျင့်ပျိုးထောင်ပေးရန် လိုအပ်ပါတယ်၊ လူငယ်များအတွက် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ၊ အကျင့်စာရိတ္တကောင်းမွန်စေရေးနှင့် နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်ဓါတ်များ ရှင်သန်စေရေးသည် အလွန်ပင်အရေးကြီးတာကြောင့် ငယ်စဉ်ကပင် ပြုစုပျိုးထောင်ပေးမှ သာ နောင်အနာဂတ်ခေါင်း ဆောင်ကောင်းများပေါ်ထွန်းလာမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။ ဆက်လက်ပြီးမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာန၊ အားကစား မှူးဒေါ်ဖြိုးစန္ဒာဝင်းက လူငယ်များအတွက် အားကစားပြုလုပ်ခြင်းဖြင့် ရရှိနိုင်သော အကျိုးကျေးဇူးများအကြောင်း ဟောပြောဆွေးနွေးခဲ့ပြီး အထက်တန်းကျောင်း(ဝမ်းတွင်း) တာဝန်ခံကျောင်းအုပ်ဆရာကြီး ဦးသော်တာဦးမှ "စိတ်ဓာတ်စည်းကမ်းအရင်းတည်သာယာသောလူ့ဘောင်ဆီ" ခေါင်းစဉ်ဖြင့် အသိပညာပေး ဟောပြောခဲ့ကြရာ ကျောင်းသားကျောင်းသူများမှ သိလိုသည်များ ပြန်မေးမြန်းခဲ့ကြပြီး တာဝန်ရှိသူများမှ ကဏ္ဍများအလိုက်ပြန်လည် ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။
အဆိုပါ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ၊ မြို့ နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မိုးဦး၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်မူမြစော ၊မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ အားကစားမှူး ဒေါ်ဖြိုးစန္ဒာဝင်း၊ ဖိတ်ကြားထားသောဌာနဆိုင်ရာများ၊ အထက်တန်းကျောင်း(ဝမ်းတွင်း)မှ တာဝန်ခံကျောင်း အုပ်ဆရာကြီးဦးသော်တာဦးနှင့် ဆရာဆရာမများ၊ ကျောင်းသားကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဌေးလှိုင် (ပြန်/ဆက်)