စဉ့်ကိုင်မြို့နယ်တွင်  လူငယ်ရေးရာ  အသိပညာပေးဟောပြောပွဲ ကျင်းပ

စဉ့်ကိုင်   မတ်  ၂၂

မန္တလေးတိုင်းဒေသကြီး၊  ကျောက်ဆည်ခရိုင်၊  စဉ့်ကိုင်မြို့နယ်  အခြေခံပညာအထက်တန်းကျောင်း(စဉ့်ကိုင်)  သဇင်ခန်းမ၌  လူငယ်ဘက်စုံ  ဖွံ့ဖြိုးတိုးတက်ရေး  အစီအစဉ်အဖြစ်  ကျောင်းသား/ ကျောင်းသူလူငယ်များအကျင့်စာရိတ္တကောင်းမွန်ရေးနှင့် မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်စေရန် ရည်ရွယ်၍မြို့နယ်ပညာရေးဌာန၊  ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊  အားကစားနှင့် ကာယပညာဦးစီးဌာန တို့ပူးပေါင်း၍ ယမန်နေ့နံနက်(၁၁)နာရီက လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲ ကျင်းပခဲ့ကြောင်း သိရသည်။

ဟောပြောပွဲတွင်  မြို့နယ်ပညာရေးမှူး ဦးကိုကိုကြီးက စိတ်ဓာတ်၊  ပညာ၊   စည်းကမ်းကြောင်းကိုဟောပြောခဲ့ပြီး  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊   မြို့နယ်ဦးစီးအရာရှိ   ဒေါ်၀င်း၀င်း သန်းကကျောင်းသား၊  ကျောင်းသူ လူငယ်များ ဗလငါးတန်ဖြင့် ပြည့်စုံပြီး   နောင်အနာဂတ်၏   နိုင်ငံ့သားကောင်း၊သမီးကောင်းများစွာပေါ်ထွန်းစေရန်၊ မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်ရေးနှင့် အကျင့်စာရိတ္တ ကောင်းမွန်ရေးအကြောင်းအသိပညာပေးဟောပြောခဲ့သည်။

ဆက်လက်၍ အားကစားနှင့် ကာယပညာ ဦးစီးဌာန၊ ဦးစီးအရာရှိ  ဒေါ်မြင့်စန္ဒာ၀င်းက  ကျန်းမာရေးနှင့်  နွေရာသီ ကျောင်းပိတ်ရက်တွင် အားကစားသင်တန်းများ ဖွင့်လှစ်ပို့ချမည်ဖြစ်၍   မိမိတို့ ဝါသနာပါရာသင်တန်းများကို တက်ရောက်နိုင်ကြောင်း အသိပညာပေးဟောပြောခဲ့ပြီး ကျောင်းအုပ် ဆရာမကြီး ဒေါ်နှင်းဆီကကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။ အဆိုပါလူငယ်ရေးရာ အသိပညာပေးဟောပြောပွဲသို့တက်ရောက်လာသောကျောင်းသား/ ကျောင်းသူများအား  (၇၇)နှစ် မြောက်  တပ်မတော်နေ့အထိမ်းအမှတ်သတင်းစကား လက်ကမ်း စာစောင်နှင့် ကလေးအလုပ်သမား ပပျောက်ရေး အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။

၀င်း၀င်းသန်း(စဉ့်ကိုင်)