ဒဂုံတောင် မတ် ၂၂
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်တွင် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန၏ မုန်တိုင်းငယ်သတိပေးချက်များအရ အလျင် မြန် တုံ့ပြန်ဆောင်ရွက်နိုင်ရေး ရှာဖွေကယ်ဆယ်ရေးအဖွဲ့များ အသင့်စုဖွဲ့ထားခြင်းများ၊ မုန်တိုင်းသတိပေးချက်များအား ပြည်သူများသိရှိစေရေး ကြေငြာပေးခြင်းများ၊ယာယီဘေး ခိုလှုံရာ နေရာများ စီစဉ်ထားရှိခြင်းများ ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှု သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ကြီးကြပ်မှုတို့ဖြင့် မြို့နယ်အတွင်း ရပ်ကွက်များအလိုက် မုန်တိုင်းသတိပေးချက်များနှင့် ဆောင်ရန် ရှောင်ရန်များအား ပြည်သူများသိရှိစေရန် အသံချဲ့စက်များဖြင့် လိုက်လံကြေငြာပေးခြင်း၊ယာယီဘေးခိုလှုံရန်နေရာများ စီစဉ်ထားခြင်းများ ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
ထို့အတူ မြို့နယ်မီးသတ်တပ်ဖွဲ့၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့တို့မှလည်း သဘာဝဘေးအန္တရာယ် ဖြစ်ပွားပေါ်ပေါက်ပါက အလျင်အမြန် တုံ့ပြန်ဆောင်ရွက်နိုင်ရေးရှာဖွေကယ်ဆယ်ရေးအဖွဲ့များ အသင့်စုဖွဲ့ထားလျက်ရှိကြောင်းသိရသည်။
ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်ရှိ ဦးဘိုးလှဘုရား၊ အောင်ဗောဓိဘုရား၊ ဘုန်းတော်ကြီး ကျောင်းများ၊ ဓမ္မာရုံများ၊ စာသင်ကျောင်းများ၊ တက္ကသိုလ်များတို့တွင် လူဦးရေ(၅၉၀၀)ဦး နားခိုနိုင်ရန်အတွက် ယာယီဘေးခိုလှုံရန်နေရာများ စီစဉ်ထားရှိကြောင်း သိရှိရသည်။
သန်းသန်းအေး(ဒဂုံတောင်)