ဒဂုံမြို့သစ်(အရှေ့ပိုင်း)၌ မုန်တိုင်းအန္တရာယ် သတိပေးချက်နှင့် ပြည်သူများလိုက်နာရမည့် အချက်များကို ရပ်ကွက်များတွင် အသိပညာပေး နှိုးဆော်

ဒဂုံအရှေ့ မတ် ၂၂

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့) မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသူ၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ဌာနဆိုင်ရာ၊ ရပ်ကွက်တာဝန်ရှိသူများ ပူးပေါင်း၍ မုန်တိုင်းသတိပေးချက်နှင့် ပြည်သူများ လိုက်နာဆောင်ရွက်ရန် အချက်များအား ယမန်နေ့နံနက် (၉)နာရီခန့် မြို့နယ်အတွင်းရှိ ရပ်ကွက်များတွင် လိုက်လံအသိပေး နှိုးဆော်ခဲ့ကြသည်။

အသိပေးချက်များတွင် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်ထားသည့် မုန်တိုင်းငယ်သတိပေးချက်တွင် ပါဝင်သော မုန်တိုင်းငယ်အခြေအနေ၊ မုန်တိုင်းငယ်၏ တည်နေရာ၊ ဗဟိုချက်လေဖိအားနှင့် လေတိုက်နှုန်း၊ နောက်(၃၆)နာရီအတွင်း ခန့်မှန်းချက်၊ သတိပေးနှိုးဆော်ချက်၊ အကြံပြုချက်များနှင့် ပြည်သူများ လိုက်နာဆောင်ရွက်ရန် အချက်များကို မတ်လ ၂၁ရက်နေ့မှ စတင်ကာ ရပ်ကွက်များအလိုက် တာဝန်ရှိသူတို့မှ ရပ်ကွက်နေ မိဘပြည်သူများ သိရှိစေရန်အတွက် အသိပေး နှိုးဆော်လျက်ကြောင်း သိရသည်။

ဝင်းအိမွန်