သဘာဝဘေး စီမံခန့်ခွဲရေးကော်မတီ ညှိနှိုင်းအစည်းအဝေး ကျင်းပ

ရန်ကုန် မတ် ၂၂

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့များ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် သဘာဝဘေး စီမံခန့်ခွဲရေး ကော်မတီ ညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့နံနက် ၉နာရီခွဲအချိန်က ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အစည်းအဝေးတွင် အရှေ့ပိုင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌမှ သဘာဝဘေးအန္တရာယ် ဖြစ်ပေါ်ရာတွင် မြို့နယ်များအတွင်း ပြည်သူများ ကြိုတင်ပြင်ဆင် ဆောင်ရွက်နိုင်ရေးအတွက် လှည့်လည်နှိုးဆော်အသိပေး ကြေညာခြင်းနှင့် ကြိုတင်အစီအမံများကို ဆောင်ရွက်ထားရန်၊ ခရိုင်ကျန်းမာရေးဦးစီးဌာနအနေဖြင့် ပြည်သူများ၏ ကျန်းမာရေးအား အလေးထား ဆောင်ရွက်ရန်၊ ခရိုင်စည်ပင်သာယာရေးမှလည်း ခရိုင်အတွင်း သန့်ရှင်းရေးသာယာမှုရှိအောင် ဆောင်ရွက်ရန်နှင့်၊ လျှပ်စစ်အန္တရာယ် မဖြစ်ပေါ်စေရေး ဓာတ်အားလိုင်းများနှင့် မလွတ်ကင်းသည့် သစ်ပင်များအား ခုတ်ထွင်ရှင်းလင်းရန်၊ ပညာရေးအနေဖြင့် ကျောင်းသား/ကျောင်းသူများအား ကျန်ရှိနေသည့် ဘာသာရပ်များကို စိတ်အေးချမ်းစွာ ဖြေဆိုနိုင်ရေး ဆောင်ရွက်ရန်၊ ခရိုင်ပြန်/ဆက်အနေဖြင့် မုန်တိုင်းအသိပညာပေးခြင်း လုပ်ငန်းများကို ဆောင်ရွက်ရန်၊ ခရိုင်မီးသတ်အနေဖြင့် သဘာဝဘေးအန္တရာယ် ကျရောက်လာပါက ကြိုတင်ပြင်ဆင်ကာကွယ်ရေးများ စသည်တို့ကို အသေးစိတ်ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါ မုန်တိုင်းငယ်သည် (၂၁.၃.၂၀၂၂) မှ (၂၃.၃.၂၀၂၂) ရက်နေ့အထိ မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခိုက်ခြင်း မိုးထစ်ချုန်းခြင်းများ ဖြစ်ပေါ်နိုင်ပါသဖြင့် သဘာ၀ဘေးအန္တရာယ် ကာကွယ်ရေး ကြိုတင်အစီအမံများဖြင့် ဆောင်ရွက်ထားရန် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဒု-ဗိုလ်မှူးကြီး သက်တင်အောင် က ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့နောက် တက်ရောက်လာသော မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများက မုန်တိုင်းအန္တရာယ် ကြိုတင်ကာကွယ်ဆောင်ရွက်ရေး လုပ်ငန်းများနှင့် ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းများကို တင်ပြဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။

စန္ဒာမိုး