တောင်ဥက္ကလာပမြို့နယ်အတွင်းရှိ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး

တောင်ဥက္ကလာပ မတ် ၂၂

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုများကို ထိန်းချုပ်နိုင်ရေးအတွက် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Covid Shield) ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီမှစ၍ အမှတ် (၆) ရပ်ကွက်ရှိမြို့နယ် ပြည်သူ့ ကျန်းမာရေးဦးစီးဌာနနှင့် အမှတ်(၁၀)ရပ်ကွက်၊ ဟေမဝန်ဓမ္မာရုံတို့၌  ဆက်လက်ထိုးနှံ ဆောင်ရွက်ပေးကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် တောင်ဥက္ကလာပမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများအား အရှိန်အဟုန်မပျက် ဆောင်ရွက်ပေးလျက်ရှိပြီး မြို့နယ်အတွင်း၌ ကာကွယ်ဆေးထိုးနှံခြင်းကို သက်ဆိုင်ရာဦးစားပေး အလိုက် ဦးတည်အုပ်စုများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ထိုးနှံပေးလျက်ရှိရာ ယမန်နေ့ နံနက် ၉ နာရီ မှ ၃ နာရီအချိန်ထိ အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား ပထမအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေး (Covid Shield) ထိုးနှံပြီးသူများအား ဒုတိယအကြိမ်းဆက်လက် ထိုးနှံပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ဆေးထိုးနှံရာသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီအဖွဲ့များ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ရုံးဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ လူမှုကူညီရေးအသင်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ ကာကွယ်ဆေး ထိုးနှံရန်လာရောက်ကြသူများကို အဆင်ပြေချောမွေ့စွာ ဆေးထိုးနှံနိုင်ရန် ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ခင်ဆွေနှင်း (ပြန်/ဆက်)