ဒေါပုံ မတ်လ ၂၂
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒေါပုံမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့ မွန်းလွဲ ၁ နာရီ အချိန်က လူငယ်ထုများအကြား စာဖတ်သည့်အလေ့အထ အကျင့်ကောင်းများ တိုးပွား စေရေး၊ အသိပညာဗဟုသုတများ မျှဝေနိုင်ရေးနှင့် စာပေချစ်မြတ်နိုးသူများအကြား ချစ်ခင်ရင်းနှီးမှု ပိုမို တိုးတက်ရရှိစေရေးအတွက် ရည်ရွယ်၍ စာဖတ်ဝိုင်းကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ စာဖတ်ဝိုင်းတွင် ဒေါပုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ယဉ်ယဉ်မော်က စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်နှင့် စာရေးဆရာ ဒေါက်တာကျော်စိန် ရေးသားသော "လူငယ်လမ်းညွှန်" စာအုပ်မှ သိကောင်းစရာများကို ရှင်းလင်းဆွေးနွေးခဲ့ပြီး ထို့နောက် စာပေ ချစ်မြတ်နိုးသူများ ဖြစ်ကြသည့် ဦးကိုကိုမောင်က လူငယ်နှင့်ပညာရေး ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဦးစိုင်းကျော်ကျော်မှ လူငယ်နှင့် မလိုလားအပ်သော အလေ့အထများ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဦးထွန်းနောင်မှ လူငယ်နှင့် ပေါင်းသင်းဆက်ဆံရေး ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
ထို့နောက် စာဖတ်ဝိုင်းသို့ တက်ရောက်လာသည့် စာပေချစ်မြတ်နိုးသူအဖွဲ့ဝင်များက စာဖတ်ဝိုင်းတွင် ဆွေးနွေးခဲ့သည့် အကြောင်းအရာများအပေါ် ၎င်းတို့၏ အမြင်များကို ပြန်လည်ရှင်းလင်း ဆွေးနွေး ခဲ့ကြောင်း သိရသည်။
ယဉ်မော်(ပြန်/ဆက်)