ဘားအံ မတ် ၂၁
ဒေသအတွင်း ထုတ်ကုန်များကို ပိုမိုထုတ်လုပ်ပြီး ပြည်တွင်း၊ ပြည်ပသို့ တင်ပို့ရောင်းချ၍ တစ်ဦးချင်းဝင်ငွေ တိုးတက်လာ စေရန်အတွက် ကရင်ပြည်နယ် ထုတ်ကုန်မြှင့်တင်ရေး ကော်မတီ (၁/၂၀၂၂) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီခန့်က ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ (၂) ၌ ကျင်းပသည်။
ကရင်ပြည်နယ်သည် ထိုင်းနိုင်ငံနှင့် နယ်နိမိတ်ချင်းထိစပ်လျက်ရှိပြီး ဒေသထွက်ကုန်ပစ္စည်းများကို ကုန်ကြမ်းအနေဖြင့် သော်လည်းကောင်း၊ ကုန်ချောအနေဖြင့်သော်လည်းကောင်း ယခင်ကထက်ပိုမိုတိုးမြှင့်ထုတ်လုပ်၍ ကိုဗစ်အလွန်ကာလ တွင် စီးပွားရေးလုပ်ငန်းများ ပြန်လည်ဦးမော့ လာစေရေးအတွက် ယခုအစည်းအဝေးကို ကျင်းပခြင်း ဖြစ်သည်ဟုသိရှိရပြီး အစည်းအဝေးတွင် ကရင်ပြည်နယ် ထုတ်ကုန်မြှင့်တင်ရေးကော်မတီဥက္ကဋ္ဌ ပြည်နယ် ဝန်ကြီးချုပ် ဦးစောမြင့်ဦးက စိုက်ပျိုးရေးကို အခြေခံသည့်ဖြစ်သည့် နိုင်ငံဖြစ်သည့်အတွက် ဈေးကွက်တွင်အလားအလာရှိသည့် စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် ထုတ်ကုန်များကိုရွေးချယ်၍ အရည်အသွေးကောင်းကောင်းနှင့် ပမာဏများများ တိုးမြှင့်ထုတ်လုပ်နိုင်မည် ဆိုပါက ပြည်တွင်းစားသုံးမှုကို ဖူလုံပိုလျှံရုံသာမက ပြည်ပ ဈေးကွက်များသို့လည်း တင်ပို့ရောင်းချနိုင်မည်ဖြစ်ကြောင်း၊ အလားတူ သစ်တောထွက်ပစ္စည်းနှင့် ဓာတ်သတ္တုဆိုင်ရာ ထုတ်ကုန်များကို သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမရှိဘဲ စနစ်တကျ ထုတ်ယူသုံးစွဲမည်ဆိုပါကလည်း ပြည်နယ်၏ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုကို အထောက်အကူ ပြုနိုင်မည်ဖြစ်ကြောင်း၊ ထို့အတူရရှိနိုင်သည့် ကုန်ကြမ်းများအပေါ်မူတည်၍ စက်မှုထုတ်ကုန် အနေဖြင့် ထုတ်လုပ်နိုင်ရေး စဉ်းစားဆွေးနွေးဖို့လိုကြောင်း၊ ဒေသအလိုက်အလားအလာရှိသည့် ထုတ်ကုန်များကို သက်ဆိုင်ရာ ဌာနဆိုင်ရာများ အလိုက် ဆွေးနွေးတင်ပြကြစေလိုကြောင်း၊ တန်ဖိုးမြှင့်ထုတ်ကုန်များကို ထုတ်လုပ်၍ သွင်းကုန်အစားထိုး သည့် ထုတ်ကုန်များအနေဖြင့် ပိုမိုထုတ်လုပ်နိုင်ဖို့လိုကြောင်း၊ တက်ရောက်လာကြသည့် ဌာနဆိုင်ရာ အကြီးအကဲများအနေဖြင့် လည်း ထိရောက်အောင်မြင်သည့် ဆွေးနွေးညှိနှိုင်းမှုများဖြစ်စေရန် အဘက်ဘက်မှ ဝိုင်းဝန်းဆွေးနွေး ပေးကြစေလို ကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများက ပြည်နယ်အတွင်း ထုတ်ကုန်များ ပိုမိုထုတ်လုပ်နိုင်ရေး မိမိတို့နှင့် သက်ဆိုင်သည့် ကဏ္ဍများအလိုက် အကြံပြုဆွေးနွေးခဲ့ကြပြီး ကရင်ပြည်နယ် ထုတ်ကုန်မြှင့်တင်ရေးကော်မတီ အဖွဲ့ဝင် ပြည်နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများက သက်ဆိုင်ရာဌာနအလိုက် လုပ်ငန်းလျာထားချက်များ၊ ထုတ်ကုန်များ ပိုမိုထုတ်လုပ်နိုင်ရေး အရှိန်အဟုန်မြှင့် ဆောင်ရွက်မည့် အစီအမံများအား ရှင်းလင်းတင်ပြခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း (ပြန်/ဆက်)