ထားဝယ်မြို့တွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ

ထားဝယ် မတ်  ၂၁

နိုင်ငံတစ်ဝန်း လူငယ်ဘက်စုံဖွံ့ဖြိုးရေးအစီအစဉ်များအဖြစ် အခြေခံပညာကျောင်းများတွင် လူငယ်ရေးရာ အသိ ပညာပေး ဟောပြောပွဲကို ဆောင်ရွက်လျက်ရှိရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာ ပေးဟောပြောပွဲကို  ယနေ့ မွန်းလွဲ(၁)နာရီက ထားဝယ်မြို့ ၊ အမှတ်(၃) အခြေခံပညာ အထက်တန်း ကျောင်း၊ ပညာ့ဗိမာန်ခန်းမ၌  ကျင်းပပြုလုပ်ခဲ့သည်။

ဟောပြောပွဲတွင် ထားဝယ်ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြား ရေးမှူး ဒေါ်ခင်မာဖြူက လူငယ်များ ဘက်စုံဖွံ့ဖြိုးရေးအစီအစဉ်အဖြစ် အကျင့်စာရိတ္တကောင်းမွန်ရေး နှင့် မျိုးချစ်စိတ်ဓာတ်ရှင်သန် ထက်မြက်ရေးခေါင်းစဉ်ဖြင့် ဟော ပြောခဲ့ရာ ကျောင်းသား/သူများ အနေဖြင့် နောင်တစ်ချိန်တွင် နိုင်ငံနှင့်လူမျိုး အကျိုးအတွက် သယ်ပိုးထမ်းရွက်လာကြရမည်ဖြစ်ပြီး ယခု အရွယ်မှစပြီးဗလငါးတန်နှင့် ပြည့်စုံအောင်၊ နိုင်ငံနှင့်လူမျိုးကို ချစ်မြတ်နိုးတတ်အောင်၊  တန်ဖိုးထား တတ်အောင် အသိပညာ၊ အတတ် ပညာများကို  လေ့လာဆည်းပူးကြစေလိုပါကြောင်း၊ နွေရာသီ ကျောင်း ပိတ်ရက်ရှည်ကာလများတွင်အချိန်ကို အကျိုးရှိစွာ အသုံးချစေလိုကြောင်း၊ ရည်မှန်းချက်ထားရှိရမှာ ဖြစ်‌ကြောင်း၊ ပြင်ပဗဟုသုတရရှိစေရန် စာပေများဖတ်ရှုလေ့လာကြစေလိုပါကြောင်း၊ သက်ဆိုင်ရာ မြို့နယ်များတွင်ရှိသော ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်များတွင် အသိပညာဗဟုသုတရရှိစေရန် စာအုပ်စာပေများနှင့် သုတရသစာအုပ်စာစောင်များကို အခမဲ့လာရောက် ဖတ်ရှုပြီး ငှားရမ်းနိုင်ကြောင်း၊ ထားဝယ်ခရိုင်လူထုအခြေပြုဗဟိုဌာနတွင် ပြိုင်ပွဲများ၊ သင်တန်းများ ဖွင့်လှစ်ပေးနိုင်ကြောင်း၊ လူငယ်များ အကျင့်စာရိတ္တကောင်းမွန်ရန်လိုကြောင်း၊ လူ့ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေ နေတတ်ရန်ဖြစ်ကြောင်း၊ မျိုးချစ်စိတ်ဓာတ်ရှင်သန်‌ရေး နိုင်ငံနှင့်လူမျိုးကို ချစ်မြတ်နိုး ရန်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ထားဝယ်ခရိုင် အားကစားနှင့်ကာယပညာဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စံပယ်သွင်က လူငယ်များ အနေဖြင့် ကျောင်းပညာရေးအပြင် အားကစားကဏ္ဍအထူးလေ့လာ လိုက်စားစေလိုကြောင်း၊  သို့မှသာ ကျန်းမာကြံ့ခိုင်ပြီး ထူးချွန်ထက်မြက်သော အားကစားသမားကောင်း များဖြစ်လာမည်ဖြစ်ကြောင်း၊ နွေရာသီအားလပ်ရက်ရှည်ကာလတွင် အားကစား သင်တန်း/ပြိုင်ပွဲများ၌ တက်ရောက်ပါဝင်ကာ အချိန်ကို အကျိုးရှိရှိ အသုံးချကြစေလိုပါကြောင်းနှင့် အားကစား ကဏ္ဍနှင့် သက်ဆိုင်သည့် အခြေခံအချက်(၄)ချက်တို့ကို ရှင်းလင်းဟောပြောသည်။

ဆက်လက်၍ ထားဝယ် ခရိုင်တာဝန်ခံပညာရေးမှူးဆရာမကြီး ဒေါ်စန်းမွှေးကစိတ်ဓာတ်ကောင်းပြီး စည်းကမ်းရှိမှ တိုးတက်မည်ခေါင်းစဉ်ဖြင့် ဟောပြောခဲ့ရာ စိတ်ဓာတ်၊ စည်းကမ်း၊ ပညာဆိုသည့် ဆောင်ပုဒ်နှင့်အညီ ရိုးသားဖြောင့်မတ်ပြီး စာရိတ္တကောင်းမွန်အောင်ကြိုးစားကြရန်၊ လူတော်ဖြစ်ရုံ သာမကစိတ်ကောင်း၊ နှလုံးကောင်းပြည့်ဝသော လူကောင်းများ ဖြစ်အောင်လည်း ကြိုးစားကြရန်၊ စိတ်ကောင်းရှိဖို့ပထမဆိုသည့်အတိုင်း စိတ်ကောင်းရှိအောင်၊ စာရိတ္တကောင်းမွန်အောင် ဆရာ/ ဆရာမများက လေ့ကျင့်ပျိုးထောင်ပေးခဲ့ကြပြီးဖြစ်ပါကြောင်း၊ လူတော်လူကောင်း များများပေါ်ထွန်းပြီး မိမိနိုင်ငံနှင့် အမျိုး၊ ဘာသာ၊ သာသနာကို တိုးတက်အောင်ဆောင်ရွက် နိုင်ကြပါစေကြောင်းစသည်ဖြင့် ဟောပြောခဲ့ကြသည်။

ယင်းနောက် တိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးတင်ရွှေက အခြေခံပညာ အထက်တန်း ကျောင်း (၇)ကျောင်းအတွက် အားကစားပစ္စည်းများ ပေးအပ်ရာ ခရိုင် တာဝန်ခံပညာရေးမှူး ဆရာမကြီး ဒေါ်စန်းမွှေးက လက်ခံရယူခဲ့ကြောင်း သိရသည်။

ရွှေပင်လယ်(ထားဝယ်)