ကွမ်းလုံ မတ် ၂၁
ရှမ်းပြည်နယ်(မြောက်ပိုင်း)ကွမ်းလုံမြို့၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် (၁၁)နာရီအချိန်က ကွမ်းလုံမြို့ အခြေခံပညာအထက်တန်းကျောင်းရှိ သံလွင်ဆောင်ခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့် ကာယ ပညာဦးစီးဌာနတို့ ပူးပေါင်းပြီး ကျင်းပပြုလုပ်ရာ အဌမတန်းနှင့် နဝမတန်း ကျောင်းသားကျောင်းသူ (၂၀၀)ဦး တက်ရောက်ခဲ့ကြသည်။
အဆိုပါဟောပြောပွဲတွင် ကွမ်းလုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ် ဦးစီးမှူးက လူငယ်များဗလငါးနှင့် ပြည့်စုံရေးအတွက် လူငယ်နဲ့ရည်မှန်းချက်၊ စာတတ်ဖို့ သာမက ပညာတတ်ဖို့ပါကြိုးစားကြ၊ လူငယ်နဲ့စာရိတ္တ၊ လူငယ်နဲ့ပေါင်းသင်းဆက်ဆံရေး၊ လူငယ်နဲ့ ကျန်းမာရေး၊ လူငယ်နဲ့ကြီးပွားရေးခေါင်းစဉ်များအပြင် မျိုးဆက်သစ်လူငယ်များ မျိုးချစ်စိတ်ရှင်သန် ထက်မြက်ရေးခေါင်းစဉ်များဖြင့် ဟောပြောခဲ့သည်။ ထို့နောက် မြို့နယ်အားကစားနှင့်ကာယပညာ ဦးစီးဌာနမှ ဦးစီးမှူး ဦးရာဇာသန်းဝင်းက အားကစားနှင့်ကျန်းမာရေး၊ အစားအသောက်နှင့် ကျန်းမာရေးအကြောင်းများကို ဟောပြောခဲ့ပြီး အားကစားပစ္စည်းများကိုပေးအပ်ရာ အခြေခံပညာအထက်တန်းကျောင်းမှ တာဝန်ရှိသူ ဆရာတစ်ဦးက လက်ခံရရယူခဲ့သည်။
ထို့နောက် ဟောပြောပွဲသို့တက်ရောက်လာသည့် ကျောင်းသား/ကျောင်းသူများက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေး နံရံကပ် ဓာတ်ပုံပြဘုတ်များကို ကြည့်ရှုခဲ့ကြကြောင်း သတင်းရရှိသည်။
မြို့နယ်(ပြန်/ဆက်)