ရန်ကုန် မတ် ၂၁
ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ အောက်ရှိ မြို့နယ် (၁၂)မြို့နယ်အတွင်းရှိ မြို့နယ်ရုံးစာကြည့်တိုက်များတွင် အသုံးပြုရန်အတွက် သုတ၊ ရသ ပေါင်းစုံ စာအုပ်များ ပေးအပ်လှူဒါန်းပွဲကို ယနေ့မွန်းလွဲ ၂ နာရီတွင် ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်ရှိ လူထုအခြေပြုဗဟိုဌာန (ဗဟန်း) ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များ၊ လမ်းညွှန်ချက်များနှင့်အညီ ကျင်းပသည်။
အခမ်းအနားတွင် စာအုပ်စီစဉ်သူ၊ စာရေးဆရာ ဦးထင်ကျော်မိုး (မြေလတ်ထင်ကျော်မိုး) က စာပေမြင့်မှ လူမျိုးတင့်မည်ဆိုသည့် စကားအတိုင်း နိုင်ငံတော်ဘက်စုံဖွံဖြိုး တိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးတို့အတွက်၊ ပြည်သူများ စာများများ ဖတ်လာစေရန်နှင့် စာပေများ ဖတ်ရှုပြီး ဗဟုသုတများ တိုးပွားလာစေရန် ရည်ရွယ်၍ မိမိကိုယ်တိုင် ရေးသားထုတ်ဝေသည့် သုတ၊ရသ ပေါင်းစုံစာအုပ်များ လှူဒါန်းရခြင်းဖြစ်ကြောင်း ပြောကြားပြီး၊ စာအုပ်များကို ပေးအပ်လှူဒါန်းရာ၊ ရန်ကုန်အနောက်ပိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လှလှဌေး က လက်ခံရယူသည်။
ဆက်လက်၍ စာအုပ်များ ပေးအပ်လှူဒါန်းခဲ့သည့်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လှလှဌေးက ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့ကြောင်း သိရသည်။
အောင်မြင့်