ကလော မတ် ၂၁
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးခရိုင်၊ ကလောမြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ အမျိုးသားအားကစား အဆင့်အတန်း တိုးတက် မြင့်မားရေးနှင့် အောင်မြင်မှုများ ယခုထက်ပိုမိုရရှိစေရေး၊ ဇွဲ၊ လုံ့လ၊ ဝီရိယ၊ အားမာန် အပြည့်ရှိပြီး ထူးချွန်ထက်မြက်သော မျိုးဆက်သစ်အားကစားသမား လူငယ်များ စဉ်ဆက်မပြတ်ပေါ်ထွက်လာစေရေး၊ အခြေခံပညာကျောင်းများမှ ကျောင်းသား/ကျောင်းသူများ နွေရာသီ အားလပ်ရက်များတွင် အခြေခံအားကစားသင်တန်းများကိုတက် ရောက်ခြင်းဖြင့် အားကစားကို ပိုမိုစိတ်ပါဝင်စားလာစေရန်အတွက် နွေရာသီအခြေခံအားကစားသင်တန်းများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါသင်တန်းတွင် မြန်မာ့သိုင်း၊ ဘောလုံးကျား/မ၊ Aeroic Fitness Dance၊လက်ဝှေ့ စသည့် အားကစားနည်းများကို ကျွမ်းကျင်သောနည်းပြများဖြင့် မတ်လ (၂၅)ရက်နေ့မှ ဧပြီလ (၁၀) ရက်နေ့အထိ မြို့နယ်အားကစားကွင်း၌ အခမဲ့ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း၊ တက်ရောက်မည့် သင်တန်းသားများအား T-Shirt အင်္ကျီတစ်ထည်စီပံ့ပိုးပေးမည်ဖြစ်ကြောင်း၊ လေ့ကျင့်သင်ကြားပေးမည့် တာဝန်ခံသင်တန်းနည်းပြများ၏ ဖုန်းနံပတ်၊ သင်တန်းဖွင့်လှစ်မည့်နေရာ၊ ဆက်သွယ်ရန်ဖုန်း၊ ဖွင့်လှစ်မည့်အချိန်ဇယားအား မြို့နယ်အားကစားကွင်း၌ ကြော်ငြာ ထားပြီးဖြစ်ကြောင်းနှင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များအရ သင်တန်းသား ဦးရေကို ကန့်သတ်ထားကြောင်း မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန၊ မြို့နယ်အားကစားမှူး ဒေါ်ကျော့ကေခိုင်ထွန်းထံမှ သိရသည်။
ကျော်ဝင်း(ပြန်/ဆက်)