တောင်ကြီး မတ် ၂၁
နိုင်ငံသားတစ်ဦး၏ တရားဝင်မှု၊ နိုင်ငံသားအခွင့်အရေးနှင့် လူမှုစီးပွားဘဝ အထောက်အကူ ဖြစ်စေနိုင်ရေးအတွက် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဝန်ထမ်းများက ပန်းခင်းစီမံချက်ဖြင့် ယနေ့နံနက် ၉ နာရီခွဲမှ စတင်၍ တောင်ကြီးမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများသို့ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများအား Door to Door စနစ်ဖြင့် ဆက်လက်ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ခရိုင်ဦးစီးမှူး၊ ဒုတိယညွှန်ကြားရေးမှူး ဦးမင်းမင်းဇော်နှင့် မြို့နယ်ဦးစီးမှူး ဦးဝင်းနိုင်တို့က ကွင်းဆင်း အနီးကပ်ကြီးကြပ်စစ်ဆေးခဲ့ကြောင်းနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဝန်ထမ်းများကကျန်းမာရေးဝန်ကြီးဌာနကထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ တောင်ကြီးမြို့၊ ဟော်ကုန်းရပ်ကွက်နှင့် အေးသာယာမြို့၊ အမှတ် (၁၂) ရပ်ကွက်နေပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားအသစ် ပြုလုပ်ပေးခြင်း၊ ပျက်စီး/ ပျောက်ဆုံးသူများကို မိတ္တူပြုလုပ်ပေးခြင်းနှင့် လဲလှယ်ပေးခြင်း၊ အိမ်ထောင်စု လူဦးရေစာရင်း၌ မွေးတိုး/သေဆုံးစာရင်းဆောင်ရွက်ပေးခြင်း၊ အိမ်ထောင်စုလူဦးရေစာရင်း တိုး/လျော့/ပြောင်းဝင်/ ပြောင်းထွက် လုပ်ငန်းများဆောင်ရွက်ပေးလျက်ရှိပြီး ကျန်ရှိနေသည့် ရပ်ကွက်၊ ကျေးရွာသို့လည်း ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဇော်နိုင်လင်း