ကွတ်ခိုင်မြို့နယ်တွင် ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းတို့မှမွေးဖွားသော အသက်(၂)နှစ်အောက် ကလေးငယ်များ (MCCT) အကျိုးခံစားခွင့် ရှိသူများအား ထောက်ပံ့ကြေးပေးအပ်

ကွတ်ခိုင် မတ် ၂၁

 ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ ကွတ်ခိုင်မြို့နယ်၌ ၂၀၂၁-၂၀၂၂ဘဏ္ဍာနှစ် ပထမ သုံးလပတ် (အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ)အတွက် ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းတို့မှ‌ မွေးဖွားသည့် အသက်(၂)နှစ်အောက် ကလေးသူငယ်များအား MCCT အစီအစဉ်ဖြင့် ထောက်ပံ့ကြေး ပေးအပ်ခြင်းကို ယနေ့နံနက်က (၁၀)နာရီအချိန်က ရပ်ကွက်(၁)နှင့် ရပ်ကွက်(၅) အုပ်ချုပ်ရေး မှူးရုံးတွင် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများက လက်ဝယ်အ‌ရောက် ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။

ကွတ်ခိုင်မြို့နယ်တွင်အကျိုးခံစားခွင့်ရှိသည့် ကိုယ်ဝန်ဆောင်မိခင်(၈၇၅)ဦး၊ အသက်(၂)နှစ် အောက်ကလေးငယ် (၄၉၈)စုစုပေါင်း (၁၃၇၃)ဦးအတွက် ငွေကျပ် သိန်းပေါင်း (၆၀၅၂၅၀၀၀/-) သိန်းထောက်ပံ့ပေးအပ်ခြင်းဖြစ်ပြီး ကျန်ရှိသည့် ရပ်ကွက်‌/ကျေးရွာ များတွင်လည်း ဆက်လက် ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်းသိရသည်။

 ကိုယ်ဝန်ဆောင်မိခင်နှင့် အသက်(၂)နှစ်အောက် ကလေးငယ်များအား နိုင်ငံတော်မှ ထောက်ပံ့ပေးအပ်ရသည့် ရည်ရွယ်ချက်မှာ ကိုယ်ဝန်ဆောင်မိခင်နှင့် အသက်(၂)နှစ်အောက် ကလေးငယ်များ သေဆုံးမှုနှုန်းလျော့ကျနိုင်စေရန်၊ မိခင်ရောကလေးပါ ကျန်းမာ သန်စွမ်းပြီး အာဟာရပြည့်ဝသည့် အစားအစာများ စားသုံးနိုင်စေရန်၊ အသက်အရွယ်ကြီးရင့်လာသည့် အချိန်တွင် နာတာရှည် ရောဂါဖြစ်ပွားမှုနှုန်း လျော့ကျစေရန်၊ မိသားစုစီးပွားရေးထိခိုက်မှု လျော့နည်းသက်သာစေရန်၊ ကျန်းမာသန်စွမ်းသော နိုင်ငံသား ကောင်း ရတနာများပေါ်ထွန်းလာကာ နိုင်ငံ့ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် စွမ်းအားပြည့်ဆောင်ရွက်နိုင်ကြစေရန် ရည်ရွယ်၍  ထောက်ပံ့ပေးအပ်ရခြင်းဖြစ်ကြောင်း မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ သိရသည်။

ဌေးဌေး (ကွတ်ခိုင်)