မြဝတီ မတ် ၂၁
နိုင်ငံတော်မှ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန် နိုင်ငံတကာနှင့်အညီ ပညာရေးကဏ္ဍကို အထူးအလေးပေး ဖော်ဆောင်ပေး လျက်ရှိသကဲ့သို့ ကျောင်းသား၊ ကျောင်သူများ ကျောင်းစာအပြင် ပြင်ပစာပေ ဗဟုသုတများ ကြွယ်ဝစေရန်နှင့် ဘဝရည်မှန်းချက် ပန်းတိုင် များ ကောင်းမွန်စွာ လျှောက်လှမ်းနိုင် ကြစေရန် ရည်ရွယ်ချက်တို့ဖြင့် ယနေ့နံနက်ပိုင်းက ကရင်ပြည်နယ်၊ မြဝတီခရိုင် ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် မြို့နယ်ပညာရေးဦးစီးဌာနတို့ပူးပေါင်းကာ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို အမှတ်(၄)အခြေခံပညာအလယ်တန်းကျောင်းတွင် ကျင်းပပေးသည်။
ဟောပြောပွဲတွင် မြို့နယ်ပညာရေးမှူးဦးမြင့်ဦးက ကျောင်းသား၊ကျောင်းသူများအနေဖြင့် ကျောင်းစာသင်ယူမှုအပြင် ဘက်စုံထူးချွန်သည့် လူငယ်များဖြစ်စေလိုကြောင်း၊ စာပေဗဟုသုတတို့မှ လူငယ်များအတွက် လေ့လာသင်ယူရမည့် အခွင့်အလမ်းကောင်းများစွာရှိကြောင်းနှင့် ကျောင်းသား၊ ကျောင်းသူများသည် နိုင်ငံတော်၏တာဝန်ကို ပခုံးပြောင်းထမ်းဆောင်ရမည့် လူတော်၊ လူကောင်းများဖြစ်စေလိုကြောင်း အမှာစကား ပြောကြားသည်။
ဆက်လက်၍ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြား ရေးမှူးဒေါ်မာမာရီက လူငယ်များအတွက် ပညာရေးသည်အဓိကဖြစ်ကြောင်း၊ ငယ်စဉ်မှစ၍ပညာ ကြိုးစားသင်ယူလိုကြောင်း၊ လူငယ်များအနေဖြင့် ပညာရေးကဏ္ဍအပြင် စာရိတ္တမြင့်မားစေရေး၊ ပေါင်းသင်းဆက်ဆံရေး၊ ထားရှိရမည့် ဘဝရည်မှန်းချက်ပန်းတိုင်များ၊ ကျန်းမာရေးဆိုင်ရာဗဟုသုတများနှင့် မိမိတိုင်းပြည်နှင့် လူမျိုးအပေါ် မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်စေရေးတို့ကိုလည်းကောင်း၊ ခရိုင်အားကစားနှင့် ကာယပညာဦးစီး ဌာနမှ အငယ်တန်းစာရေး ဒေါ်အိသဇင်ကလူငယ်များအနေဖြင့် ကျောင်းပညာရေးအပြင် အားကစားကဏ္ဍ အထူးလေ့လာလိုက်စားစေ လိုကြောင်း၊ သို့မှသာ ကျန်းမာကြံ့ခိုင်ပြီး ထူးချွန်ထက်မြက်သော အားကစားသမား ကောင်းများဖြစ်လာမည်ဖြစ်ကြောင်းနှင့် အားကစား ကဏ္ဍနှင့် သက်ဆိုင်သည့် အခြေခံအချက်(၄)ချက်တို့ကို အသေးစိတ်ရှင်းလင်းဟောပြောပေးသည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးပိုစတာများ၊ ဗဟုသုတ ရရှိစေမည့် သုတ/ရသစာအုပ်စာစောင်များ ခင်းကျင်းပြသပေးခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာဖတ်ရှုခဲ့ကြ ကြောင်းသိရသည်။
မန်းသန်းရွှေမြင့်(ပြန်/ဆက်)