ကျောက်မဲ မတ် ၂၁
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနမှ အပြည်ပြည်ဆိုင်ရာ သစ်တောများနေ့ ( International Day of Forests ) အထိမ်းအမှတ် အခမ်းအနားကို ရှမ်းပြည်နယ်(မြောက်ပိုင်း)ကျောက်မဲမြို့နယ်၊ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနခန်းမ၌ ယနေ့နံနက် ၁၀ နာရီအချိန်ကကျင်းပခဲ့ရာ ကျောက်မဲခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲ များနှင့် ဝန်ထမ်းများ တက်ရောက်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ကျောက်မဲခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြင့်ဦးက အဖွင့်အမှာစကား ပြောကြားရာတွင် ကမ္ဘာနိုင်ငံ အသီးသီး၏ လူဦးရေများတိုးတက်များပြားလာခြင်းကြောင့် သစ်တောများကို ပုံစံမျိုးစုံဖြင့် မဆင်မခြင် ထုတ်ယူသုံးစွဲခဲ့ရာမှ ယခုအခါ သစ်တောများ ပြုန်းတီးမှုများဖြစ်ပေါ်ခဲ့ရကြောင်း အဆိုပါ သစ်တောများ ပျက်စီးပြုန်းတီးမှုကြောင့် ရာသီဥတု ဖောက်ပြန်ပြီး သဘာဝဘေးအန္တရာယ် အမျိုးမျိုးကြုံတွေ့နေရကြောင်း ထို့ကြောင့် ကမ္ဘာ့ကုလသမဂ္ဂညီလာခံက သစ်ပင် သစ်တောများ ထိန်းသိမ်းခြင်းဆိုင်ရာ အသိပညာတိုးပွားစေဖို့၊ သစ်တောများ၏အရေးပါမှုကို သိရှိနားလည်စေဖို့၊ သစ်တော သစ်ပင် များကို ပိုမိုချစ်ခင် မြတ်နိုးပြီး ပြုစုထိန်းသိမ်းရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင် ဆောင်ရွက်တတ်စေဖို့ ရည်ရွယ်၍ နှစ်စဉ် ယနေ့ကမ္ဘာ့သစ်တောများနေ့အဖြစ် သတ်မှတ်ခဲ့ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် အပြည်ပြည်ဆိုင်ရာ သစ်တောများနေ့ အထိမ်းအမှတ် Video Clip ပြသခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။
အခြားသူများအားပြန်လည်ဖြန့်ဝေ ပြသပေးနိုင်ရန်ရည်ရွယ်၍ အခမ်းအနားသို့ တက်ရောက် လာသူများအား သစ်တောဦးစီးဌာနမှ အပြည်ပြည်ဆိုင်ရာသစ် တောများနေ့ အထိမ်းအမှတ် အဖြစ်ထုတ်ဝေသည့် ဆောင်းပါးတစ်စုံစီနှင့် အပြည်ပြည်ဆိုင်ရာ သစ်တော များနေ့ အထိမ်းအမှတ် Video Clipပါ စီဒီချပ်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မိုင်းထွန်း