လွိုင်လင် မတ် ၂၁
ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ နဝဒေးခန်းမ၌ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ လူငယ်များအကျင့်စာရိတ္တ ကောင်းမွန် စေရေး၊ မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်စေရေး၊ ဘက်စုံထူးချွန်သူများပေါ်ထွန်းလာစေရေးနှင့် နိုင်ငံအတွက် အားထား ရသည့် သားကောင်းသမီးမွန်များ ဖြစ်ထွန်းလာစေရန် ရည်ရွယ်၍ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၁၁ နာရီက ပြုလုပ်ကြောင်းသိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လွိုင်လင်ခရိုင်ရုံးမှ ဦးစီးအရာရှိ ဒေါ်နန်းဦးခမ်းက ယနေ့လူငယ်များသည် အနာဂတ်နိုင်ငံတော်ကို ပုခုံးပြောင်း တာဝန်ယူ ကြရမည့်သူများဖြစ်ရာ လူငယ်များအနေဖြင့် ပညာရည်မြင့်မားရေး၊ အကျင့်စာရိတ ္တကောင်းမွန်ရေး၊ မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်ရေးနှင့် ဗလငါးတန်ဖွံ့ဖြိုးရန်လိုအပ်ကြောင်း၊ မကြာမီ ကာလတွင် စာမေးပွဲဖြေပြီး၍ နွေရာသီကျောင်းပိတ်ရက် ရောက်ရှိတော့မည်ဖြစ်ရာ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန် အရေးကြီးကြောင်း ပြောကြားသည်။ ယင်းနောက် အားကစားနှင့် ကာယပညာဦးစီးဌာန လွိုင်လင်ခရိုင်ရုံးမှ လက်ထောက် ညွန်ကြားရေးမှူး ဒေါ်ညိုညိုခင်က တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရန် အားကစားလေ့ကျင့်ခန်းများကို ပြုလုပ်ကြရန်၊ နိုင်ငံ့ ဂုဏ်ဆောင်အားကစား သမားများပေါ်ထွန်းလာစေရန် အားကစားသင်တန်းများကို ဖွင့်လှစ် သင်ကြားပေးလျက်ရှိကြောင်း၊ နွေရာသီအားကစားသင်တန်းများကို ဖွင့်လှစ်ပေးမည်ဖြစ်ရာ မိမိတို့စိတ်ပါဝင်စားသည့် အားကစားသင်တန်းများကို တက်ရောက် ကြရန် တိုက်တွန်း ဟောပြောသည်။
ဆက်လက်၍ခရိုင်ပညာရေးမှူး ဒေါက်တာမြင့်မြင့်အေးက စိတ်ဓာတ်ကောင်းများ ပေါ်ထွက် ရေးနှင့်စာရိတ္တကောင်းမွန်ရေး ခေါင်းစဉ်ဖြင့် အသီးသီးပညာပေး ဟောပြောကြားကြောင်း သိရသည်။ ယင်းနောက်ဒေါ်ညိုညိုခင်မှ အထက-၁ ကျောင်းအတွက် အားကစား ပစ္စည်းများ ပေးအပ်လှူဒါန်းရာ ကျောင်းအုပ်ဆရာမကြီးက လက်ခံရယူသည်။
အဆိုပါ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲသို့ ကျောင်းသား/သူများ၊ ဆရာ/ဆရာမ များအင်အား(၁၀၀) ဦးခန့် တက်ရောက် ကြကြောင်းသိရသည်။
လွိုင်လင်မိုး