မူဆယ် မတ် ၂၁
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့တွင် နိုင်ငံတော်အစိုးရမှ ဆက်ကပ်လှူဒါန်းသည့် မဟာဝန်ကျောင်းတိုက်ကြီး၏ (အဂ္ဂမဟာသဒ္ဒမ္မဇောတိကဓဇ)ဘွဲ့တံဆိပ်တော်ရ ဦးစီး ပဓာနနာယကဆရာတော်ဘဒ္ဒန္တနရနာထအား လှူဒါန်းမှု အခမ်းအနားကို ယနေ့ နံနက် ၉ နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ ကျင်းပရာတွင် ရှေးဦးစွာ ရတနာမြတ်သုံးပါးအား ကန်တော့ခြင်း၊ လှူဒါန်းသော အလှူရှင်နာမည်များ ဖတ်ကြားခြင်း၊ ပါဠိဘာသာ လှူဖွယ်ပစ္စည်းများကို မူဆယ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်မိုးမှ လှူဒါန်းခြင်း၊ ဆရာတော်ဘန္ဒန္တသုခမိန္ဒ( အဂ္ဂမဟာကမ္မဠာနာစရိယ)ထံမှရှမ်း-မြန်မာနှစ်မျိုးဖြင့် သရဂုဏ်သုံးပါးနှင့် ငါးပါးသီလခံယူခြင်းနှင့် သံဃာတော်များထံမှ ပရိတ် တရားတော် နာယူခဲ့ကြသည်။
ထို့နောက် (အဂ္ဂမဟာသဒ္ဒမ္မ ဇောတိကဓဇ) ဘွဲ့တံဆိပ်တော်ရ ဦးစီးပဓာန နာယကဆရာတော် ဘဒ္ဒန္တနရနာထ ဆရာတော် ဘုရား၏ထေရူပ္ပတိအကျဉ်းကို စိုင်းဆိုင်လှိုင်မှ ရှမ်း-မြန်မာ နှစ်မျိူးဖြင့် ဖတ်ကြားခဲ့ပြီး ရေစက်ချအမျှပေးဝေခဲ့ကြသည်။ ယင်းနောက် သံဃာတော် အရှင်မြတ်များအား လှူဖွယ်ပစ္စည်းသင်္ကန်းများနှင့် ဆွမ်းဆန်စိမ်းလောင်းလှူခဲ့ရာ စုစုပေါင်း သံဃာတော် (၁၀၅)ပါးအား လှူဒါန်းခဲ့ကြောင်း သိရသည်။
ဇင်မောင်(မူဆယ်)