တောင်ကြီးမြို့တွင် ပြည်သူများအား OSS စနစ်ဖြင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိ

တောင်ကြီး  မတ်  ၂၁

ကိုဗစ်-၁၉ ရောဂါကူးစက်မှု လျော့နည်းပပျောက်စေရန် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး Covid Shield ကို ယနေ့နံနက် ၉ နာရီမှ စတင်၍ မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများသို့သွားရောက် ထိုးနှံ ပေးလျက်ရှိကြောင်းသိရသည်။

ထိုသို့ထိုးနှံပေးရာတွင် တောင်ကြီးမြို့၊ စဝ်စံထွန်းရပ်ကွက်၊ နမ့်ဆီးကျေးရွာအုပ်စု၊ ဖာမွန်း ကျေးရွာ အုပ်စု၊ နန်းဟူးကျေးရွာအုပ်စု၊ ရွှေညောင်မြို့၊ ကျောက်နီကျေးရွာအုပ်စု၊ အေးသာယာမြို့၊ အမှတ်(၆)ရပ်ကွက်နှင့် ကျောက်တလုံးကြီးမြို့၊ ကက္ကူကျေးရွာ အုပ်စုနေပြည်သူများအား သတ်မှတ်စုရပ်နေရာတွင် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်း များ၊ စေတနာဝန်ထမ်းများက စာရင်းမှတ်တမ်းရေးသွင်းကောက်ယူခြင်း၊ ကျန်းမာရေးဌာနမှ ဝန်ထမ်း များက ကျန်းမာရေး စစ်ဆေးပေးခြင်းတို့ကို ဆောင်ရွက်ပေးပြီး ပုံမှန်အနေအထားရှိမှသာ ကာကွယ်ဆေးများကို စနစ်တကျထိုးနှံပေးကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံခြင်းကို မတ်လ ၂၅ ရက်နေ့အထိ တောင်ကြီးမြို့နယ်အတွင်း ကျန်ရပ်ကွက်၊ ကျေးရွာများသို့ သွားရောက်၍ ဆက်လက်ထိုးနှံ ပေးသွားမည်ဖြစ်ကြောင်း  သိရသည်။

ဇော်နိုင်လင်း