မိုးကောင်း မတ် ၂၁
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း ကချင်ပြည်နယ်၊ မိုးကောင်မြို့နယ်ဆားမှော် မိုက်ခရိုဝေ့ဗ်စခန်းနှင့် အော်တိုအိတ်ချိန်းရုံး လယ်ယာမြေသိမ်းဆည်းခံ ရမှု နစ်နာကြေးအား မူလပိုင်ရှင်ထံသို့ ပေးအပ်ခြင်း အခမ်းအနားကို မိုးကောင်းမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့ နံနက်(၁၀)နာရီခွဲတွင် ကျင်းပခဲ့ကြောင်း သိရ သည်။
အခမ်းအနားတွင် ကချင်ပြည်နယ် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း ပြည်နယ်မန်နေဂျာ ဦးစိုးမင်းထိုက် မှ အမှာစကားပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်မြင့်မှ လယ်ယာမြေ သိမ်းဆည်းခံရမှု နစ်နာကြေးနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် ကချင်ပြည်နယ် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း ပြည်နယ်မန်နေဂျာက ဆားမှော်ကျေးရွာ အုပ်စု ကွင်းအမှတ်(၁၃၁/၈)၊ ဦးပိုင်အမှတ်(၁၅) ပိုင်ရှင် ဒေါ်အေးတင်အား အိတ်ချိန်းမြေနေရာ (၃ ဒဿမ ၇၆) ဧကအတွက် နစ်နာကြေးကျပ် (၅၂၅၀၀၀၀/-)အား ပေးအပ်ခဲ့ကြောင်း သိရသည်။
ပေးအပ်ခြင်း အခမ်းအနားကို မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးအဖွဲ့ သက်ဆိုင်ရာဌာနမှ တာဝန် ရှိသူများ တက်ရောက်ခဲ့ကြသည်။
သန်းလွင်ဦး(ပြန်/ဆက်)