ပလောက် မတ် ၂၁
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့တွင် ကိုဗစ်-၁၉ ရောဂါ မျိုးဗီဇပြောင်း အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေး အတွက် ထားဝယ်-မြိတ် ပြည်ထောင်စုကားလမ်းမကြီး၌ ဖြတ်သန်းသွားလာ နေကြသည့် မော်တော်ယာဉ်များနှင့် ဆိုင်ကယ်များဖြင့် လူမျိုး၊ဘာသာမရွေး ခရီးသွားလာသူ မိဘပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးလက်မှတ် ရှိ/မရှိစစ်ဆေးခြင်းနှင့် ကာကွယ်ဆေး မထိုးနှံရသေးသော ပြည်သူများအား ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့ နံနက် ၇ နာရီခွဲ အချိန်ခန့်က ပလောက်နယ်မြေ ရဲစခန်းအရှေ့ နှင့်ပလောက်တ့တားဂိတ်တို့၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ စစ်ဆေးဆောင်ရွက်ခြင်းကို ပလောက်မြို့ မြို့အုပ်ချုပ်ရေးမှူး ဦးဟိန်းမင်းအောင်နှင့် အဖွဲ့ဝင်များ၊ မီးသတ်ဦးစီးဌာန၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများက ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုး လက်မှတ်ရှိသူများကိုသာ ဖြတ်သန်းသွားလာ ခွင့်ပြုကြောင်းနှင့် ကာကွယ်ဆေးမထိုးနှံရသေးသူ ခရီးသွားပြည်သူများကို အထိုင်ချစနစ်ဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခဲ့ကြောင်း သိရသည်။
နှင်းမြူလွင်