ထန်းတပင်(ရန်ကုန်) မတ်၂၁
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်နှင့် အခြားသော ဘေးအန္တရာယ်များ ကျရောက် လာပါက အရေးပေါ်ကယ်ဆယ်ခြင်းနှင့် ပြုစု စောင့်ရှောက်နိုင်ရေးအတွက် ရှာဖွေကယ်ဆယ်ရေး တပ်ဖွဲ့ဝင်သန္ဓေနှင့် အရန်မီးသတ် အင်အားတပ်စုတစ်စုစာကို ထန်းတပင်မြို့နယ်တွင် အသင့်စုဖွဲ့စည်းထားရှိပြီးအချိန်နှင့် တပြေးညီ ချက်ချင်းထွက်ခွာနိုင်အောင် လည်း ပြင်ဆင်ဆောင်ရွက်ထားရှိကြောင်း မြို့နယ်မီးသတ်ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမိုးမင်းအောင်ထံမှသိရသည်။
မြို့နယ်မီးသတ်ဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်များဖြစ်ပွားလာပါက ရှာဖွေကူညီကယ်ဆယ်ရေး လုပ်ငန်းများကို အချိန်နှင့်တပြေးညီ ဆောင်ရွက်နိုင်ရန်အတွက်လည်း ရှာဖွေကူညီကယ်ဆယ်ရေး ဆောင်ရွက်ပုံနည်းလမ်းများကို မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များအား အပတ်စဉ်လေ့ကျင့်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
လေ့ကျင့်ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမိုးမင်းအောင်၊ ဒုတိယဦးစီးမှူး ဦးမျိုးနိုင်ဦးနှင့် လက်ထောက် မီးသတ်ဦးစီးမှူး ဦးအုန်းဝင်းတို့က ရှာဖွေ ကူညီကယ်ဆယ်ရေး ဆောင်ရွက်ပုံနည်းလမ်းများ၊ လူနာကယ်ဆယ်ခြင်း၊ လူနာပြုစု စောင့်ရှောက်ခြင်းနှင့် လူနာထမ်းနည်းများကို မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များကို လေ့ကျင့်ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။
ဇင်မင်းထိုက်(ထန်းတပင်)