နမ္မတူမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ မျိုးရိုးဗီဇကွဲ (Omicron) ကြိုတင်ကာကွယ်ရေး ပါးစပ်နှင့် နှာခေါင်းစည်း (Mask) များ အခမဲ့ဖြန့်ဝေ

နမ္မတူ မတ် ၂၁

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၌ မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ မျိုးရိုးဗီဇကွဲ (Omicron) ကြိုတင်ကာကွယ်ရေးအတွက် ပါးစပ်နှင့်နှာခေါင်းစည်း (Mask)များ အခမဲ့ဖြန့်ဝေခြင်းကို ယနေ့နံနက် (၇)နာရီအချိန်က နမ္မတူမြို့နယ်၊ မြို့မဈေးနှင့် မြို့မဈေးအနီး ဗိုလ်ချုပ်လမ်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် နမ္မတူမြို့နယ် ပြည်သူကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန၊ မြို့နယ်စည်ပင် သာယာရေးဦးစီးဌာနနှင့် မြို့နယ်မီးသတ်တပ်ဖွဲ့တို့ ပူးပေါင်း၍  ကိုဗစ်-၁၉ရောဂါ မျိုးရိုးဗီဇကွဲ (Omicron) ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ဒေသခံပြည်သူများအား နေအိမ်ပြင်ပထွက်တိုင်း ပါးစပ်နှင့်နှာခေါင်းစည်း (Mask)ကို မဖြစ်မနေ စနစ်တကျ တပ်ဆင်စေရေး၊ လက်ကို စက္ကန့် (၂၀)ကြာအောင် ဆေးကြောပါ၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေပါ၊ တတ်နိုင်သမျှ မိမိအိမ်တွင်သာ နေထိုင်ပါ၊ ချောင်းဆိုးနှာချေလျှင် တံတောင်ဆစ်ကွေးနှင့်အုပ်၍ဆိုးပါ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှုကို အကြိမ်ပြည့် မပျက်မကွက်ခံယူပါ စသည့် အကြောင်းအရာများအား အသိပညာပေး၍ ရေမလိုလက်သန့်ဆေးရည်ဖြင့် လက်ဆေးစေကာ ဒေသခံပြည်သူတစ်ဦးလျှင် ပါးစပ်နှင့်နှာခေါင်းစည်း (Mask) (၅)ခုနှုန်းဖြင့် စုစုပေါင်း ပါးစပ်နှင့်နှာခေါင်းစည်း (Mask) (၂၅၀၀)ခုအား အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း  မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ လက်ထောက်ကျန်းမာရေးမှူး ဒေါ်ဒီဒီဘောက်နန်ထံက သိရှိရသည်။

လူမော်