ရန်ကုန် မတ် ၂၁
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ပြည်သူများ မီးသတိပြုသုံးစွဲနိုင်စေရန်နှင့် မီးလောင်မှုများ မဖြစ်ပွားစေရန် ရည်ရွယ်၍ မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများအား မီးသတ်ယာဉ်ဖြင့် လှည့်လည်နှိုးဆော်ခြင်းကို ယနေ့နံနက် (၈)နာရီအချိန်က အင်းစိန်မြို့နယ်အတွင်းရှိ ရပ်ကွက်များသို့ လှည့်လည်နှိုးဆော်ခဲ့သည်။
အင်းစိန်မြို့နယ်၊ မီးသတ်ဦးစီးဌာန၊ မီးသတ်ဦးစီးမှူး ဦးရန်နိုင်ဖြိုးနှင့် မီးသတ်တပ်ဖွဲ့ဝင်များက မြို့နယ်အတွင်းရှိ ရပ်ကွက်များသို့ မီးသတ်ယာဉ်ဖြင့် လှည့်လည်ကာ နှိုးဆော်ရာတွင် ပြည်သူများ အနေဖြင့် မီးဖိုမီးသုံးစွဲပြီးပါက မီးကြွင်း မီးကျန်မရှိစေရေး စနစ်တကျငြိမ်းသတ်ကြရန်၊ လျှပ်စစ်မီး သုံးစွဲရာတွင်လည်း သတိပြုသုံးစွဲကြရန်၊ လျှပ်စစ်မီးကြိုးများ ကောင်းမွန်မှု ရှိ/မရှိ စစ်ဆေးထား ကြရန်၊ လျှစ်စစ် မီးသုံးစွဲပြီးသည့်အခါတိုင်း မီးခလုပ်များကို သေချာစွာ ပိတ်ထားကြရန်၊ အိမ်ပြင်ပသို့သွားလျှင် မီးမိန်းများကို ချထားကြရန်၊ နေအိမ်အတွင်းနှင့် နေအိမ်ပြင်ပတွင် မီးလောင်လွယ်သည့် အမှိုက်များကို ရှင်းထားကြရန်စသည့် အသိပညာပေးနှိုးဆော်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။
အင်းစိန်မြို့နယ်၊ မီးသတ်ဦးစီးဌာနအနေဖြင့် မိဘပြည်သူများ ယခုအခါ ပူပြင်းခြောက်သွေ့သော အချိန်သို့ ရောက်ရှိလာပြီးဖြစ်သည့် အတွက် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိရန်နှင့် မီးဘေးအန္တရာယ် ကြုံတွေ့လာပါကလည်း အရေးပေါ်ဖုန်းနံပါတ် ၁၉၁၊ အင်းစိန်မြို့နယ်၊ မီးသတ်ဦးစီးဌာန၊ ဖုန်းနံပါတ် ၀၁၃၆၄၀၀၇၀ သို့ ဆက်သွယ်နိုင်ပါကြောင်း အသိပညာပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။
ဇွဲထက်ကို