မိုင်းဖြတ်မြို့နယ်၌ ဒေသခံအစုအဖွဲ့ပိုင် သစ်တောလုပ်ငန်း တည်ထောင်ခြင်းဆိုင်ရာ နည်းစနစ် သင်တန်းဖွင့်လှစ်

မိုင်းဖြတ် မတ် ၂၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ဒေသခံအစုအဖွဲ့ပိုင် သစ်တော တည်ထောင်ခြင်းဆိုင်ရာ နည်းစနစ်သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက မြို့နယ်သစ်တော ဦးစီးဌာနမှူး ရုံးခန်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးရှောလမွန် က သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ သစ်တောသစ်ပင်များ မပြုန်းတီးရေးနှင့် စပ်လျဉ်းပြီး အဖွင့် အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်သစ်တောဦးစီးဌာနမှ သစ်တော ဦးစီးဌာနမှူး ဦးသန်းထွန်းအောင်က သစ်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်း ပြောကြားခဲ့သည်။

အဆိုပါသင်တန်းကို ၂၀၂၂ ခုနှစ် မတ်လ ၂၁ရက်နေ့မှ ၂၅ရက်နေ့အထိ သစ်တောစိုက်ခင်းနှင့် ပျိုးဥယျာဉ်တည်ထောင်ခြင်း၊ မြန်မာသစ်တောမူဝါဒနှင့် သစ်တောဥပဒေ၊ နည်းဥပဒေနှင့် အမိန့်ညွှန် ကြားချက်များ၊ အသင်းဖွဲ့ စည်းမျဉ်းများ၊ သီးနှံသစ်တော ရောနှောစိုက်ပျိုးခြင်းစသည့် ဘာသာ ရပ်များကို သင်ကြားပို့ချသွားမည်ဖြစ်ပြီး သင်တန်းသို့ မိုင်းဖြတ်မြို့နယ်အတွင်းမှ ဒေသခံအစု အဖွဲ့ပိုင် အဖွဲ့များမှ ကိုယ်စားလှယ် သင်တန်းသား၊ သင်တန်းသူ (၂၀)ဦး တက်ရောက်ကြောင်း သိရသည်။

မိုင်းဖြတ်မြို့နယ်တွင် ဒေသခံအစုအဖွဲ့ပိုင် သစ်တောတည်ထောင်ခြင်း လုပ်ငန်းကို ၂၀၁၅-၂၀၁၆ ခုနှစ်မှ စတင်တည်ထောင်ခဲ့ပြီး ယခုအခါ ဒေသခံအစုအဖွဲ့ပိုင် (၅၆)ဖွဲ့ရှိကြောင်း သိရသည်။ အဆိုပါ သင်တန်းဖွင့်လှစ်ခြင်းဖြင့် ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောလုပ်ငန်း တည်ထောင်ခြင်းဆိုင်ရာ လုပ်ငန်းစဉ် အဆင့်ဆင့်များကို ပြည်သူများ နားလည်သိရှိအကောင်အထည်ဖော် ဆောင်ရွက်ခြင်း၊ အသိပညာဗဟုသုတ အတွေ့အကြုံများကို မိမိဒေသ/ကျေးရွာများတွင် လက်တွေ့ကျကျ အကောင်အထည်ဖော်ခြင်း လုပ်ငန်းများကို ရရှိစေမှာဖြစ်ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)