ရွှေကူ မတ် ၂၁
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် စက်ကုန်းအခြေခံပညာ မူလတန်းကျောင်းမှ ကျောင်းသူ ကျောင်းသားများနှင့် ပြန်/ဆက်ဦးစီးဌာနတို့ပူပေါင်း၍ ဂုံရှမ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့မှ ရေးသားပြုစုသည့် “တာဝန်ကိုယ်စီ” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို မတ်လ ၁၇ ရက် ညနေ ၂ နာရီခွဲအချိန်ခန့်က ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါစာဖတ်ဝိုင်းတွင် ရွှေကူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယ ဦးစီးမှူး ဒေါ်သူဇာမြင့်က “တာဝန်ကိုယ်စီ” စာအုပ်မှ “ဆား”ပွင့်လေးများသည် သူ၏တာဝန်ဖြစ်သည့် ငန်ခြင်းအရသာကို ပေးသကဲ့သို့ ဖေဖေ့အနေဖြင့် မိမိတာဝန်များဖြစ်သည့် စားဝတ်နေရေးအတွက် အလုပ်လုပ်၍ ငွေရှာပေးခြင်း၊ မေမေမှ စားသောက်ရေးအတွက် ချက်ပြုတ်ပေးခြင်းများကို ဆောင်ရွက်ပေးပါသည်။ သားသား၊ မီးမီးတို့၌လည်း ကျောင်းသွား၍ ပညာသင်ကြားရမည့် တာဝန်များအပြင် အိမ်သို့ပြန်ရောက်ပါက မိဘတို့ကို ကူညီဆောင်ရွက်ပေးခြင်းဟူသော အိမ်မှုကိစ္စများတွင် တတ်နိုင်သည့်ဘက်မှ ကူညီဆောင်ရွက်ရမည့် တာဝန်များရှိပါကြောင်း၊ ထို့ပြင် ယခုအခါကျောင်းပိတ်ရာသီသို့ ရောက်ရှိလာပြီဖြစ်၍ သားသား၊ မီးမီးတို့အနေဖြင့် အသိပညာဗဟုသုတရရှိစေရန် စာများများ ဖတ်ရန်လိုကြောင်း၊ စာဖတ်ရန်အတွက် မိမိတို့စာကြည့်တိုက်တွင် သားသား၊ မီးမီးတို့ကြိုက်နှစ်သက် ဖွယ်စာအုပ်များစွာရှိကြောင်း စသဖြင့် ဆွေးနွေးခဲ့ကြောင်း သိရသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရွှေကူမြို့နယ်ရုံးအနေဖြင့် အနာဂတ် သားကောင်းရတနာများဖြစ်သည့် ကလေးသူငယ်များအား စာပေဖတ်ရှုလေ့လာသည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်နှင့် စာကြည့်တိုက်အား အသုံးပြုတတ်စေရန် ရည်ရွယ်၍ ယခုကဲ့သို့ ကလေးစာဖတ်ဝိုင်းများ ကျင်းပပေးခြင်းအပြင် စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ ကဗျာရွတ်ပြိုင်ပွဲများကိုလည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)