အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး အသိပညာပေး Talk Show ဆွေးနွေးပွဲ ပြုလုပ်

မံစီ မတ် ၂၁

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန  Community Centre  ခန်းမ၌ မတ်လ ၁၇ ရက် မွန်းလွဲ ၁ နာရီအချိန်ခန့်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ဥပဒေရုံးတို့ ပူးပေါင်း၍ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး အသိပညာပေး Talk Show ဆွေးနွေးပွဲ ပြုလုပ်ခဲ့သည်။

အသိပညာပေး Talk Show ဆွေးနွေးပွဲကို ပြည်သူများအနေဖြင့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုဆိုင်ရာ အကြောင်းအရာများကို သိရှိစေရန် ရည်ရွယ်၍ ပြုလုပ်ရခြင်းဖြစ်ကြောင်း မိမိတို့ဌာနအနေဖြင့် ကိုဗစ်-၁၉ ကာလအတွင်း ပြည်သူများ အသိပညာဗဟုသုတ ရရှိစေရန် အသိပညာပေးလုပ်ငန်းများကို အွန်လိုင်းမှတဆင့် ပြုလုပ်လျက်ရှိနေခြင်းဖြစ်ပြီး အဆိုပါ အသိပညာပေး Talk Show ဆွေးနွေးပွဲကို  အွန်လိုင်း လူမှုကွန်ယက်စာမျက်နှာများမှတဆင့် ထုတ်လွင့်သွားမည်ဖြစ်ကြောင်း  မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်မြသက်ဦးက ပြောကြားသည်။

အသိပညာပေး Talk Show ဆွေးနွေးပွဲတွင် မြို့နယ်ဥပဒေရုံးမှ ဥပဒေအရာရှိ ဦးဒါန်အောင်က အမျိုးသမီးများအပေါ် အကြမ်းဖက်မှုမြောက်သည့် အကြောင်းအရာများ၊  အမျိုးသမီးများအပေါ် အကြမ်းဖက်မှုမှ ကာကွယ်ပေးနေသည့် ဥပဒေအ‌ကြောင်းအရာများ၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုမဖြစ်စေရန် အမျိုးသမီးများကိုယ်တိုင် သတိပြုရမည့်အချက်များနှင့် ပတ်ဝန်းကျင်မှကူညီ ကာကွယ်ပေးသင့်သည့်အချက်များကို အကျယ်တဝင့် ရှင်းလင်းဟောပြော ဆွေးနွေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)