မိတ္ထီလာမြို့၌ ပြည်သာယာလူငယ် လူမှုကူညီရေးအသင်း ၃ နှစ်ပြည့် နှစ်ပတ်လည်နေ့ အခမ်းအနားကျင်းပ

မိတ္ထီလာ မတ် ၂၁      

မိတ္ထီလာမြို့၌ မြို့နယ်အတွင်း ဒေသခံပြည်သူများ၏ ကျန်းမာရေးကဏ္ဍလိုအပ်ချက်များအား ကူညီဆောင်ရွက်ပေးလျက်ရှိသော ပြည်သာယာလူငယ် လူမှုကူညီရေးအသင်းတည်ထောင်သည့် ၃ နှစ်ပြည့် နှစ်ပတ်လည်နေ့ အခမ်းအနားကို ယနေ့ မတ်လ ၂၁ ရက်နေ့ နံနက် ၉ နာရီအချိန်က ပြည်သာယာရပ်ကွက်ရှိ အဆိုပါအသင်းရုံးတွင်ကျင်းပကြောင်း သိရသည်။

ပြည်သာယာလူငယ် လူမှုကူညီရေးအသင်းကို ၂ဝ၁၉ ခုနှစ် မတ်လ ၂၁ ရက်နေ့က စတင်ဖွဲ့စည်းတည် ထောင်ခဲ့တာဖြစ်လို့ ဒီနေ့ဆို ၃ နှစ်ပြည့်တာဖြစ်ပါတယ်။  အသင်းတည်ထောင် တဲ့ ၃ နှစ်ပြည့် နှစ်ပတ်လည်အခမ်း အနားကျင်းပပြီး မြို့နယ်အတွင်းက စေတနာရှင်အလှူရှင်များနဲ့ မိတ်ဖက်လူမှု ကူညီရေးအသင်းများကို ဂုဏ်မှတ်တမ်းလွှာနဲ့ ဂုဏ်ပြုတံဆိပ်များပေးအပ် ဂုဏ်ပြုတာပါ။    အသင်းအနေနဲ့ စတင်တည်ထောင်ခဲ့စဉ်က အသင်းဝင်၄ ဦးနဲ့  လူနာတင်ယာဉ် ၁ စီးပဲရှိခဲ့ပြီး အခုတော့ အသင်းဝင် ၂၈ ဦး အသင်းမှာ အရေးပေါ်လူနာတင်ယာဉ် ၁၅ စီး နဲ့ ရေသယ်ယာဉ် ၁စီး ရှိပါတယ်။ ကျွန်တော်တို့အသင်း အနေနဲ့ကိုဗစ်-၁၉ရောဂါ ပထမလှိုင်းကာလမှာ လိုအပ်တဲ့ ရပ်ကွက်၊ကျေးရွာ စာသင်ကျောင်းတွေမှာ ပိုးသတ်ဆေးဖြန်းပေးတာမျိုးနဲ့ အရေးပေါ်လူနာများကို ကူညီဆောင်ရွက်ပေးခဲ့ပါတယ်။ ကိုဗစ်-၁၉ ဒုတိယ လှိုင်းကာလမှာ ရောဂါကူးစက်မှုများပြား ပြင်းထန်လာတဲ့အတွက် မြို့မှာ ဆီမီးလော့ဒေါင်းတွေချတာမျိုး တွေ လုပ်ခဲ့ရပြီး အဲဒီကာလမှာ ကိုဗစ်-၁၉ရောဂါ ယာယီဆေးကုသဌာနတွေ ဖွင့်လှစ်ပြီး လူနာတွေရဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ၊ နေထိုင်စားသောက်ရေးတွေကို သက်ဆိုင်ရာတာဝန်ရှိသူတွေနဲ့ ပူးပေါင်း ဆောင်ရွက်ခဲ့ပါတယ်။ လက်ရှိအချိန်အထိလည်း မြို့လူထုအတွက် လိုအပ်တဲ့ ကျန်းမာရေးလူမှုကိစ္စတွေကို ကူညီဆောင်ရွက်ပေးနေပြီး နွေရာသီကာလ သောက်သုံးရေရှားပါးမှုကြုံတွေ့ရတဲ့ ရပ်ကွက်ကျေးရွာများက အိမ်ထောင်စုများအတွက် သောက်သုံးရေသယ်ဆောင်တဲ့ ရေသယ်ယာဉ်တစ်စီးကို အသုံးပြုပေးပြီး ပို့ဆောင် ကူညီပေးလျက်ရှိပါတယ်ဟု ပြည်သာယာလူငယ် လူမှုကူညီရေးအသင်းဥက္ကဋ္ဌ ကိုသူရလွင်ဦး ကပြောသည်။

အဆိုပါအသင်း ၃ နှစ်ပြည့်နှစ်ပတ်လည်အခမ်းအနားတွင် အသင်း၏ နာယက ဆရာတော်များ၊နာယက အဖွဲ့ဝင်များက ဩဝါဒါစကားနှင့် အမှာစကားများ ပြောကြားပြီး အသင်းဥက္ကဋ္ဌကအသင်း၏ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ စေတနာရှင်အလှူရှင်များနှင့် မိတ်ဖက်လူမှုကူညီရေးအသင်းများထံသို့ ဂုဏ်မှတ်တမ်းလွှာများနှင့် ဂုဏ်ပြုတံဆိပ်များကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်အောင်လေးနှင့် အသင်းတာဝန်ရှိသူများက ပေးအပ်ခဲ့ကြောင်း သိရသည်။

ချမ်းသာ