မိတ္ထီလာ မတ် ၂၁
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၁-၂၀၂၂ ခု ခြောက်လ ဘဏ္ဍာရေးနှစ်တွင် အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိသော အောင်ဆန်းရပ်ကွက် မြို့သစ် (၂)လမ်း ကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်း ရာနှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
မိတ္ထီလာမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မြို့ပေါ်ရပ်ကွက်များအတွင်းရှိ အဆင့်မြှင့်တင်ရန် လိုအပ်လျက်ရှိသော လမ်းမျာအား ကွန်ကရစ်ခင်းခြင်းလုပ်ငန်း၊ ကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်း၊ ကျောက်ချောခင်းခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။ ထိုသို့ဆောင်ရွက်လျက်ရှိရာမှ ၂၀၂၁-၂၀၂၂ခု ခြောက်လဘဏ္ဍာရေးနှစ်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ ခွင့်ပြုရန်ပုံငွေ ကျပ် ၆.၇၇၃ သန်းဖြင့် အရှည် ပေ ၁၀၀၀ ရှိသည့် အောင်ဆန်းရပ်ကွက် မြို့သစ် (၂)လမ်းအား အကျယ် ၁၂ ပေ ၊ ထု ၃ လက်မရှိသည့် ကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်းကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ကြီးကြပ်ပြီး တင်ဒါအောင်မြင်သည့် ခိုင်ခန့်ဖြူစင် ကုမ္ပဏီက တာဝန်ယူပြီး မတ်လ ၁၀ ရက်နေ့မှ စတင်၍ ဆောင်ရွက်လျက်ရှိရာ အဆိုပါ ကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်းမှာ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း တင်ဒါအောင်မြင်သည့် ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
၂၀၂၁-၂၀၂၂ ခု ခြောက်လ ဘဏ္ဍာရေးနှစ်တွင် မိတ္ထီလာမြို့ပေါ်ရပ်ကွက်များအတွင်းရှိ အဆင့်မြှင့် တင်ရန် လိုအပ်လျက်ရှိသော လမ်းများအနက် လမ်း(၄)လမ်းအား ဆောင်ရွက်သွားမည်ဖြစ်သည်။ ယင်းတို့ ဆောင်ရွက်ရာတွင် ကတ္တရာထပ်ပိုးလွှာခင်းခြင်း လုပ်ငန်းနှစ်လမ်း၊ ကွန်ကရစ်ခင်းခြင်းလုပ်ငန်း တစ်လမ်းနှင့် ကျောက်ချောခင်းလုပ်ငန်း တစ်လမ်းတို့ကို ဆောင်ရွက်သွားမည်ဖြစ် ကြောင်းသိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)