မိုင်းရယ် မတ် ၂၁
လားရှိုးခရိုင်၊ မိုင်းရယ်မြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့နံနက် (၈:၃၀)နာရီက မိုင်းရယ်မြို့ အခြေခံပညာအထက်တန်းကျောင်းတွင် လူငယ်အသိပညာပေးဟောပြောပွဲအား ကျင်းပပြုလုပ်ပါသည်။
အဆိုပါ လူငယ်အသိပညာပေးဟောပြောပွဲတွင် မိုင်းရယ်မြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်မာလာက အကျင့်စာရိတ္တကောင်းမွန်ရေးနှင့် မျိုးချစ်စိတ်ဓါတ်ရှင်သန်ထက်မြက်ရေး ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မိုင်းရယ်မြို့၊ အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးမြင့်က ကျောင်းသားနှင့်စာရိတ္တ ခေါင်းစဉ်ဖြင့်လည်းကောင်း ဟောပြောခဲ့ပါသည်။
လူငယ်လူရွယ်များ ဗလငါးတန်းဖွံ့ဖြိုးရေးအတွက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မိုင်းရယ်မြို့နယ်ရုံးတွင် နွေရာသီကျောင်းပိတ်ရက်များ၌ အခြေခံပန်းချီသင်တန်း၊ စားပွဲတင်တင်းနစ်သင်တန်း၊ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲများ၊ အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲများ၊ စာစီစာကုံးပြိုင်ပွဲများကို ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
ဟန်နီခင်(မိုင်းရယ်)