ကလောမြို့နယ်၌ နွေရာသီ အခြေခံအားကစားနည်း သင်တန်းများ ဖွင့်လှစ်မည်

ကလော မတ် ၂၁

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးခရိုင်၊ ကလောမြို့နယ် အားကစားနှင့် ကာယပညာ ဦးစီးဌာနနှင့် အခြေခံပညာ ဦးစီးဌာနတို့ ပူးပေါင်း၍ အမျိုးသားအားကစား အဆင့်အတန်း တိုးတက်မြင့်မားရေးနှင့် အောင်မြင်မှုများ ယခုထက်ပိုမိုရရှိစေရေး၊ ဇွဲ၊ လုံ့လ၊ ဝီရိယ၊ အားမာန်အပြည့်ရှိပြီး ထူးချွန်ထက်မြက်သော မျိုးဆက်သစ်အားကစားသမား လူငယ်များ စဉ်ဆက်မပြတ် ပေါ်ထွက်လာစေရေး၊ အခြေခံပညာကျောင်းများမှ ကျောင်းသား/ကျောင်းသူများ နွေရာသီအား လပ်ရက်များတွင် အခြေခံ အားကစားသင်တန်းများကို တက်ရောက်ခြင်းဖြင့် အားကစားကို ပိုမိုစိတ်ပါဝင်စားလာစေရန်အတွက်  နွေရာသီ အခြေခံအားကစား သင်တန်းများကို ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့် အညီ ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါသင်တန်းတွင် မြန်မာ့သိုင်း၊ ဘောလုံးကျား/မ၊ Aeroic Fitness Dance၊လက်ဝှေ့ စသည့် အားကစားနည်းများကို ကျွမ်းကျင်သော နည်းပြများဖြင့် မတ်လ (၂၅)ရက်နေ့မှ ဧပြီလ (၁၀)ရက်နေ့အထိ မြို့နယ်အားကစားကွင်း၌ အခမဲ့ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း၊ တက်ရောက်မည့် သင်တန်းသားများအား T-Shirt အင်္ကျီတစ်ထည်စီ ပံ့ပိုးပေးမည် ဖြစ်ကြောင်း၊ လေ့ကျင့်သင်ကြားပေးမည့် တာဝန်ခံသင်တန်းနည်းပြများ၏ ဖုန်းနံပတ်၊ သင်တန်းဖွင့်လှစ်မည့် နေရာ၊ ဆက်သွယ်ရန်ဖုန်း၊ ဖွင့်လှစ်မည့် အချိန်ဇယားအား မြို့နယ်အားကစားကွင်း၌ ကြော်ငြာထားပြီးဖြစ်ကြောင်းနှင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များအရ သင်တန်းသားဦးရေကို ကန့်သတ်ထားကြောင်း မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန၊ မြို့နယ်အားကစားမှူး ဒေါ်ကျော့ကေခိုင်ထွန်းထံမှ သိရသည်။

ကျော်ဝင်း