မိုင်းဆတ် မတ် ၂၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ အကျင့်စာရိတ္တကောင်းမွန်ရေးနှင့် မျိုးချစ်စိတ်ဓာတ် ရှင်သန်ရေးခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်(၈)နာရီက သဗ္ဗညုဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့် ကာယပညာ ဦးစီးဌာနတို့ ပူးပေါင်း၍ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြန်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်စန်းစန်းယဉ်က အနာဂတ်လူငယ်များအား လူရည်ချွန်၊ လူရည်မွန်များစွာ ပေါ်ထွန်းလာစေရေးအတွက် အသိပညာပေး ဟောပြောပွဲများ ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ကျောင်းသင်ခန်းစာအပြင် အခြား ဗဟုသုတများ ရရှိစေရန် စာအုပ်စာပေများ လေ့လာဖတ်ရှုစေလိုကြောင်း၊ စာပေဖတ်ရှုခြင်းဖြင့် ဉာဏ်ရည်ထက်မြက်ပြီး အကျင့်စာရိတ္တများကောင်းမွန်ကာ မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်ပြီး နောင်တစ်ခေတ်ခေါင်းဆောင် ကောင်းများ ပေါ်ထွန်းလာနိုင်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဦးစီးအရာရှိ ဦးချစ်ကိုက အားကစားနှင့် ကာယပညာရည်မှန်းချက် များနှင့်အညီ ကျောင်းသား၊ ကျောင်းသူများ အားကစားကို စိတ်ပါဝင်စားစွာ ပါဝင်ဆောင်ရွက်လာစေရေးနှင့် မြန်မာ့အားကစား တိုးတက်မြင့်မားလာစေရန် အခြေခံပညာကျောင်းများတွင် အားကစားအကြောင်း သိကောင်းစရာများကိုလည်းကောင်း၊ အားကစားပြုလုပ်ခြင်း၏ကောင်းကျိုးများ၊ အားကစားကို လေ့လာလိုက်စားခြင်းဖြင့် ကျန်းမာခြင်း၏ကောင်းကျိုးများကို လည်း ကောင်း အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ သဗ္ဗညုဘုန်းတော်ကြီးသင်ပညာရေးကျောင်းအတွက် အားကစား အထောက်အကူပြုပစ္စည်းများကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
မြင့်မောင်