မိုင်းဆတ် မတ် ၂၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနနှင့် မာတေလ်ဆာ(NGO) အဖွဲ့အစည်းတို့ ပူးပေါင်း၍ ကျေးလက် တိရစ္ဆာန်ကျန်းမာရေး အထောက်အကူပြု သင်တန်းကို မယ်ကော်ကျေးရွာတွင် ယမန်နေ့နံနက်ပိုင်းက ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
သင်တန်းတွင် ကျေးလက်ဒေသခံပြည်သူတို့၏ ကျွဲ၊ နွားများ ကူးစက်ရောဂါကာကွယ်ရေးအတွက် ကာကွယ်ဆေးထိုးနှံမှု သင်ခန်းစာများပို့ချခြင်းနှင့် လက်တွေ့သင်ကြားခြင်း၊ ရောဂါဖြစ်ပွားနေသော ကျွဲ၊ နွားများရှာဖွေ၍ ဆေးကုသပေးခြင်း၊ ခွေးရူးရောဂါအကြောင်း အသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ သင်တန်းအား ကျေးရွာနေပြည်သူများအနေဖြင့် မိမိတို့ ကျွဲ၊ နွားတိရစ္ဆာန်များ ရောဂါ ကာကွယ်ရေးတွင် အချိန်မီကုသနိုင်ရေးအတွက် ရည်ရွယ်၍ သင်ကြားပို့ချပေးခြင်းဖြစ်ပြီး သင်တန်းသို့ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် သင်တန်းသား/ သင်တန်းသူ(၂၀)ဦးခန့် တက်ရောက် သင်ကြားလျက်ရှိပြီး သင်တန်းကာလအား မတ်လ(၂၀)ရက်နေ့မှ (၂၂)ရက်နေ့အထိ စာတွေ့၊ လက်တွေ့သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြင့်မောင်(ပြန်/ဆက်)