သီပေါမြို့နယ်တွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲ (Talk Show) ပြုလုပ် ဆောင်ရွက်

သီပေါ မတ် ၂၁

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စားသုံးသူ ရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ စားသုံးသူကာကွယ်ရေး အသိပညာပေး ဆွေးနွေးပွဲ (Talk Show) ကို ယနေ့နံနက် ၉ နာရီက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ပြုလုပ်ဆောင်ရွက် ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်နီလာစိုးက အသိပညာပေးဆွေးနွေးပွဲများ ပြုလုပ်ရခြင်းရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့ပြီးနောက် မြို့နယ်စားသုံးသူရေးရာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်မာရီက စားသုံးသူကာကွယ်ရေး လုပ်ငန်းတွင် ပါဝင်သည့် Digital Online စနစ်ဖြင့် ငွေကြေးဝန်ဆောင်မှု ဆောင်ရွက်နေသည့် လုပ်ငန်း(၁၀)ချက်အကြောင်းကို အသိပညာပေးဆွေးနွေးသွားမည်ဖြစ်ကြောင်း၊ မှတ်ပုံတင် ထားသည့်ဖုန်း Sim Cardဖြင့်သာ Digital Online Pay Account ဖွင့်လှစ်ခွင့်ပြုကြောင်း၊ Account ဖွင့်ရာတွင် နိုင်ငံသား စိစစ်ရေးကတ် သို့မဟုတ် အခြားသက်သေခံ အထောက်အထားများအား မဖြစ်မနေတောင်းခံရန်နှင့် လိုင်စင်ဓာတ်ပုံ တောင်းခံရမည်ဖြစ်ကြောင်း၊ နိုင်ငံသား စိစစ်ရေးကတ်ပါ အမည်ရင်းဖြင့်သာ Account ဖွင့်လှစ်ခွင့်ပြုကြောင်း၊ ငွေလွှဲသူနှင့် ငွေလွှဲလက်ခံမည့်သူတို့ထံမှ မှတ်ပုံတင်ရယူ၍ အချက်လက်များ တိုက်ဆိုင်စစ်ဆေးရန်နှင့် ငွေလက်ခံရရှိမည့်သူသည် ငွေထုတ် ပေးမည့် Agentထံ နိုင်ငံသားစိစစ်ရေးကတ် မူရင်း၊ လျှို့ဝှက်ကုဒ်နံပါတ်နှင့် Transaction IDနံပါတ် တို့ကို ပြသရမည်ဖြစ်ကြောင်းနှင့် လိုက်နာရမည့် စည်းကမ်းသတ်မှတ်ချက်များကို သိရှိစေရန် လူမှုကွန်ရက်စာမျက်နှာများတွင်သာမက ရေဒီယိုနှင့်မြန်မာ့ရုပ်မြင်သံကြားတို့တွင် ထည့်သွင်း ကြော်ငြာခြင်းနှင့် ဗီနိုင်းများချိတ်၍ အများပြည်သူသို့ မကြာခဏ အသိပညာပေးခြင်းများ ဆောင်ရွက်ရမည်ဖြစ်ကြောင်းစသည်ဖြင့် ရှင်းလင်းဆွေးနွေး ခဲ့ကြောင်း သိရသည်။

သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူများ အသိပညာဗဟုသုတရရှိစေရန် သက်ဆိုင်ရာ ကဏ္ဍများ အလိုက် အသိပညာပေးဆွေးနွေးပွဲ(Talk Show)များကိုဌာန ဆိုင်ရာများ၊ အသင်းအဖွဲ့များနှင့်ပူးပေါင်း၍ လစဉ်ပြုလုပ် ဆောင်ရွက် ပေးလျက်ရှိကြောင်းနှင့် အဆိုပါ အသိပညာပေးဆွေးနွေးပွဲ (Talk Show)များကို သီပေါမြို့နယ်ရုံးမှ ဖွင့်လှစ်ထားသော We Love Hsipaw Facebook Page တွင် လွှင့်တင်ပေးဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ခင်လေး