ဒဂုံမြောက်တွင် သဘာဝဘေး စီမံခန့်ခွဲရေးကော်မတီ ညှိနှိုင်းအစည်းအဝေး ကျင်းပ

ရန်ကုန် မတ် ၂၁

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် မြို့နယ် သဘာဝဘေးစီမံခန်ခွဲရေး ကော်မတီ ညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲ ၁ နာရီတွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အုပ်ချုပ်ရေးမှူးခန်းမ၌ ကျင်းပခဲ့သည်။

 ရှေးဦးစွာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးညီညီအောင်က သဘာဝဘေး အန္တရာယ် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ရပ်ကွက်များအတွင်း ပြည်သူများ ကြိုတင်ပြင်ဆင် ဆောင်ရွက်နိုင်ရေးအတွက် လှည့်လည်အသိပေး ကြေညာကြရန်၊ သဘာဝဘေး ဖြစ်ပေါ်ပါကလည်း သတင်းများ အချိန်နှင့်တစ်ပြေးညီ ပေးပို့နိုင်ရေး ဆောင်ရွက်ရန်၊ မြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ လူမှုရေးပရဟိတ အသင်းအဖွဲ့ဝင်များမှ သဘာဝဘေးဖြစ်ပေါ်လာပါက ပူးပေါင်း၍ ကယ်ဆယ်ရေးလုပ်ငန်းကူညီ ဆောင်ရွက်သွားရန်၊ မြို့နယ်ကျန်းမာရေး ဦးစီးဌာန အနေဖြင့် ပြည်သူများ၏ ကျန်းမာရေးအား အလေးထား ဆောင်ရွက်သွားရန်၊ မြို့နယ်စည်ပင်သာယာရေးမှ မြို့နယ်အတွင်း သန့်ရှင်းရေး သာယာရေး၊ လျှပ်စစ်အန္တရာယ် မဖြစ်ပေါ်စေရေး ဓာတ်အားလိုင်းများနှင့် မလွတ်ကင်းသည့် သစ်ပင်သစ်ကိုင်းများ ရှင်းလင်း ဆောင်ရွက်ရန် စသည့် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို အသေးစိတ်ရှင်းလင်း ဆွေးနွေး မှာကြားခဲ့ကြောင်း သိရသည်။

ထို့နောက် တက်ရောက်လာသော ဌာနဆိုင်ရာများက မုန်တိုင်းအန္တရာယ် ကြိုတင်ကာကွယ် ဆောင်ရွက်ရေး လုပ်ငန်းများနှင့် ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းများအား ကဏ္ဍအလိုက် ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

မြင့်မြင့်ရီ