မင်္ဂလာဒုံမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး

မင်္ဂလာဒုံ မတ် ၂၁

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ကာကွယ်ဆေး တစ်ကြိမ်မျှ မထိုးနှံရသေးသည့်သူများနှင့် ဒုတိယအကြိမ် ထိုးနှံရန် ကျန်ရှိနေသည့် ရပ်ကွက်နေ ပြည်သူများအား အသက်အရွယ်အလိုက် ဦးတည်အုပ်စုများအလိုက် ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက် (၁၁)နာရီအချိန်တွင် ၂(က)ရပ်ကွက် ဓမ္မာရုံ၌ ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံခြင်းသည် ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် အဓိက အခန်းကဏ္ဍတွင် ပါဝင်သဖြင့် မြို့နယ်အတွင်းရှိ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိနေသည့် ရဟန်းသံဃာတော်များ၊ ရပ်ကွက်နေ ပြည်သူများအား ဦးတည်အုပ်စုများ သတ်မှတ်၍ မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ စေတနာ့ဝန်ထမ်းများက ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းများတွင် အင်တိုက်အားတိုက် ပူးပေါင်းပါဝင် ဆောင်ရွက်ပေးလျက် ရှိသည်။

ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်း၌ မင်္ဂလာဒုံမြို့နယ်၊ (၂)ရပ်ကွက် ဓမ္မာရုံတွင် အမျိုးသား(၅၉) ဦး၊ အမျိုးသမီး(၁၂၈)ဦး စုစုပေါင်း ပြည်သူ(၁၈၇)ဦးတို့အား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနံပေးခြင်းများကို ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စည်းကမ်းချက်များနှင့်အညီ စနစ်တကျ ထိုးနှံပေးလျက်ရှိကြောင်း မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။

သန္တာ