ဒေါပုံမြို့နယ်တွင် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ညှိနှိုင်းဆွေးနွေး

ဒေါပုံ မတ် ၂၁

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒေါပုံမြို့နယ်တွင် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲ ၃ နာရီတွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အုပ်ချုပ်ရေးမှူးခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးသက်မင်းအေးက မုန်တိုင်းအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ဆောင်ရွက်ထားရှိရန် ဌာနဆိုင်ရာများအလိုက် မြို့နယ် ကျန်းမာရေးဦးစီးဌာနအနေဖြင့် ပြည်သူများ၏ ကျန်းမာရေးအား အလေးထားဆောင်ရွက် သွားရန်လိုအပ်ကြောင်း၊ မြိုနယ်မီးသတ်ဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ လူမှုရေးပရဟိတများ ပူးပေါင်း၍ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်သွားရန်၊ မြို့နယ်စည်ပင်သာယာရေးမှမြို့နယ် သန့်ရှင်းရေးသာယာရေး ဆောင်ရွက်ရန်၊ မြို့နယ်ပညာရေး အနေဖြင့် ကျောင်းသားကျောင်းသူများ စိတ်အေးချမ်းသာစွာ ကျန်ရှိနေသည့် ဘာသာရပ် များအား ဖြေဆိုနိုင်ရန်၊ မြို့နယ်ပြန်/ဆက်ဦးစီးဌာနအနေဖြင့် ပြည်သူများအတွက် မုန်တိုင်း အသိပညာပေးများ ဆောင်ရွက်ပေးရန်၊ စသည့် ဆောင်ရွက်ရမည့် လုပ်ငန်းစဥ်များကို အသေးစိတ်ရှင်းလင်းဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

ထို့နောက်တက်ရောက်လာသော ဌာနဆိုင်ရာများက မုန်တိုင်းအန္တရာယ် ကြိုတင်ကာကွယ်ရေး ဆောင်ရွက်ရေးနှင့် ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းများအား ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။

ယဉ်မော်(ပြန်/ဆက်)