လှိုင်းဘွဲ မတ် ၂၀
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် အားကစားကဏ္ဏများ ဖွံ့ဖြိုးတိုးတက် လာစေရန်အတွက် ဦးစောဒူးလေးနှင့်မဥမ္မာဝင်းတို့၏ နှစ်(၂၀)ပြည့် မင်္ဂလာ နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အမျိုးသား အလွတ်တန်း ဖူဆယ်ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ် အားကစားနှင့် ကာယပညာ ဦးစီးဌာန၊ မိုးလုံလေလုံအားကစားရုံ၌ ကျင်းပသည်။
ဖွင့်ပွဲအခမ်းအနားတွင် စစ်ဗျူဟာအဖွဲ့(အခြေချ)လှိုင်းဘွဲ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး စံထူကျော်က လှိုင်းဘွဲမြို့နယ်အတွင်းရှိ လူငယ်လူရွယ်များအနေဖြင့် ဘောလုံး အားကစားနှင့် ပတ်သက်၍ ဖွံ့ဖြိုးတိုးတက် လာစေရန်အတွက် ကြိုးစားရမည်ဖြစ်ကြောင်း၊ တစ်ဦးနှင့်တစ်ဦး ချစ်ချစ်ခင်ခင်ရင်းရင်းနှီးနှီး ယှဉ်ပြိုင် ကစားရမည် ဖြစ်ကြောင်း အဖွင့်အမှာ စကားပြောကြားပြီး ဦးစောဒူလေးက ဖူဆယ်ဘောလုံးပြိုင်ပွဲ ကျင်းပ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။ ထို့နောက် အားကစားနှင့် ကာယပညာ ဦးစီးဌာန၊ မြို့နယ်အား/ကာမှူး ဒေါ်မိနန္ဒာမွန်က အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ပြီး ဘောလုံး အားကစားများမှ အားကစား အဓိဌာန်(၄)ချက် ရွတ်ဆိုခဲ့ကြသည်။
အဆိုပါ အမျိုးသားအလွတ်တန်း ဖူဆယ်ဘောလုံးပြိုင်ပွဲကို လှိုင်းဘွဲမြို့နယ်အတွင်းရှိ ကျေးရွာများမှ စုစုပေါင်း အသင်း(၁၆)သင်းဖြင့် မတ်(၂၀)ရက်နေ့မှ မတ်လ(၂၇)ရက်နေ့ အထိ ယှဉ်ပြိုင်ကစားသွားမည် ဖြစ်ကြောင်း သိရသည်။
စောဒိ(ပြန်/ဆက်)