မလှိုင်မြို့၌ လူငယ်ဘက်စုံဖွံ့ဖြိုးရေး အသိပညာပေး ဟောပြောပွဲကျင်းပ

မလှိုင် မတ် ၂ဝ

မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ မြို့နယ်ပညာရေးဌာနနှင့် မြို့နယ်အားကစားနှင့် ကာယပညာ ဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ဘက်စုံ ဖွံ့ဖြိုးရေး အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက မလှိုင်အ.ထ.က (ဧရာဝတီ) ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အသိပညာပေး ဟောပြောပွဲတွင် မလှိုင်အ.ထ.က ကျောင်းအုပ်ဆရာမကြီးဒေါ်နီနီက လူငယ်များ အတွက် စိတ်ဓာတ်၊ စည်းကမ်း၊ ပညာအကြောင်းကို ဟောပြောခဲ့ပြီး မြို့နယ်အားကစားနှင့် ကာယပညာ ဦးစီးဌာနမှ မြို့နယ်အားကစားမှူး ဒေါ်သဇင်လှိုင်က လူငယ်နှင့်အားကစား ခေါင်းစဉ်ဖြင့် လည်းကောင်း၊ မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ဦးစီးအရာရှိ (တာဝန်ပေး) ဦးဇော်မင်းက လူငယ်များ အကျင့်စာရိတ္တ ကောင်းမွန်ရေးနှင့် မျိုးချစ်စိတ်ဓါတ် ရှင်သန်ရေး ခေါင်းစဉ်ဖြင့်လည်းကောင်း ဟောပြောခဲ့သည်။

ထို့နောက် မြို့နယ်အားကစားမှူး ဒေါ်သဇင်လှိုင်က မလှိုင်အ.ထ.က ကျောင်းအတွက် အားကစား ပစ္စည်းများကို ပေးအပ်လှူဒါန်းရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်နီနီက လက်ခံရယူပြီး ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့သည်။

အောင်ဌေး(မလှိုင်)