ရန်ကုန်တောင်ပိုင်းခရိုင် သဘာဝဘေးကြိုတင်ကာကွယ်ရေး သန်လျင်၌ ညှိနှိုင်းဆွေးနွေး

သန်လျင် မတ် ၂၀

ရန်ကုန်တောင်ပိုင်းခရိုင် သဘာဝဘေးစီမံခန့်ခွဲရေးကော်မတီ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ယနေ့ နံနက် ၈ နာရီတွင် သန်လျင်မြို့ရှိ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရှင်စောပုခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ ခရိုင်သဘာဝဘေးစီမံခန့်ခွဲရေး ကောမတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးနေဝင်းအောင်က မုန်တိုင်းအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၏ လမ်းညွန်မှာကြားချက်များဖြစ်သော စား၊ ရေ၊ ရိက္ခာများ ကြိုတင်စုဆောင်း ထားရှိရေး၊ စာရင်းဇယား အချက်အလက်များ စနစ်တကျ ကောက်ယူရေး၊ အချိန်မီ အမိုးအကာအောက် ရောက်ရှိရေး၊ ယာယီခိုလုံမည့်နေရာများ ကြိုတင်ပြင်ဆင်ထားရေး၊ သက်ကြီးရွယ်အိုနှင့် ကလေးသူငယ်များ၊ နာမကျန်းဖြစ်နေသူများ အချိန်မီရွှေ့ပြောင်း နေရာချထားရေး၊ သောက်သုံးရေ ဆေးဝါးများ လုံလောက်စွာရရှိရေး၊ မုန်တိုင်းကာလနှင့် မုန်တိုင်းလွန်ကာလများ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို အရန်မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီလူမှု့အသင်းအဖွဲ့များနှင့် တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်ရေး၊ ကမ်းနီး ကမ်းဝေး ငါးဖမ်းလှေများ၊ ကျားဖောင်များ အချိန်မီရှောင်ရှားနိုင်ရေး အောက်ခြေအထိ အသိပညာပေး ဆောင်ရွက်ရေး စသည့် မုန်တိုင်းကြိုတင်ကာကွယ်ရေးလုပ်ငန်းများအား အသေးစိတ်ရှင်းလင်း ဆွေးနွေးမှာကြားသည်။

ထို့နောက် တက်ရောက်လာသော ကော်မတီဝင်များက မုန်တိုင်းအန္တရယ် ကြိုတင်ကာကွယ်ရေး ဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများအား ရှင်းလင်းတင်ပြကြသည်။

ရန်ကုန်တောင်ပိုင်းခရိုင်အတွင်း ကိုကိုးကျွန်းမြို့နယ်သို့ စား၊ ရေ၊ ရိက္ခာများ၊ ဆေးဝါးများ သဘာဝဘေးစီမံခန့်ခွဲရေးဦးစီးဌာနမှ ထောက်ပံ့ပစ္စည်းများ လေယာဉ်ဖြင့် ပေးပို့လျက်ရှိပြီး ခရမ်း၊ သုံးခွ၊ ကျောက်တန်းမြို့နယ် ပင်လယ်ကမ်းနားဒေသရှိ ကျေးရွာများ မုန်တိုင်းအန္တရာယ် ကင်းဝေးစေရေး အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

သန်းဝင်း