မြိတ်မြို့နယ်ရှိ ကရင်တိုင်းရင်းသားကျေးရွာများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုင်းရင်းသားရေးရာဝန်ကြီးနှင့် ကျေးရွာရပ်မိရပ်ဖများ တွေ့ဆုံဆွေးနွေး

မြိတ်    မတ်    ၂၀

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်ရှိ  ကရင်တိုင်းရင်းသားကျေးရွာများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျေးရွာလိုအပ်ချက်များ ဆောင်ရွက်ပေးနိုင်ရေးအတွက် ယနေ့နံနက်ပိုင်း က မြိတ်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဧည့်ရိပ်သာ အစည်းအဝေးခန်းမတွင် တိုင်းရင်းသားရေးရာဝန်ကြီးနှင့် ကရင်တိုင်းရင်းသားကျေးရွာများမှ ဒေသခံရပ်မိရပ်ဖများ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံရာတွင် တိုင်းဒေသကြီးတိုင်းရင်းသားရေးရာ ဝန်ကြီး ဦးစောမာတင်လူသာ က ကရင်တိုင်းရင်းသား ကျေးရွာများ ဖွံ့ဖြိုးတိုးတက်စေရန် ဒေသလိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးနိုင်ရေးအတွက် ပွင့်ပွင့်လင်းလင်းဆွေးနွေးပေးကြရန်၊ ကရင်တိုင်းရင်းသားများအားလုံး ရာနှုန်းပြည့် ကိုဗစ်ကာကွယ်ဆေးထိုးနှံကြရန်နှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ကြရန် ဆွေးနွေးပြောကြားသည်။

ထိုနောက် ကျေးရွာ  ရပ်မိရပ်ဖများက ဒေသအလိုက် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျေးရွာ ချင်းဆက်လမ်း ဖောက်လုပ်ပေးနိုင်ရေး၊ လမ်းအဆင့်မြှင့်တင်ပေးနိုင်ရေး၊ လျှပ်စစ်မီးရရှိရေး၊ ကုန်ထုတ်လမ်း/တံတား လိုအပ်ချက်များ ဆောင်ရွက်ပေးနိုင်ရေး၊ သောက်ရေ/သုံးရေ ရရှိရေး၊ စာသင်ကျောင်းနှင့် ဝန်ထမ်းအိမ်ယာ လိုအပ်ချက်များ၊ ဒေသဖွံ့ဖြိုးရေး လိုအပ်ချက်များ စသည်တို့ကို တင်ပြဆွေးနွေးခဲ့ကြရာ တပ်ပြချက်များနှင့်စပ်လျဉ်း၍ တိုင်းရင်းသားရေးရာဝန်ကြီး က တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ တင်ပြ၍ သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဆွေးနွေး ပြောကြားခဲ့ကြောင်း သိရသည်။

ခိုင်ထူး (ပြန်/ဆက်)